မန်ချက်စတာ ယူနိုက်တက် တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်သမား ဆန်ချိုဟာ ဒီတလော သီတင်းပတ်တွေမှာ မန်ချက်စတာ ကလပ်နဲ့ အတူ ခြေစွမ်းပြနေခဲ့တာပါ။ ပြီးခဲ့တဲ့ ရှရစ်ဖ်နဲ့ ယူရိုပါလိဂ် အုပ်စုပွဲမှာလည်း ဆန်ချိုက ဂိုးသွင်းနိုင်တဲ့ အပြင် အဲရစ်ဆန်နဲ့ ဖာနန်ဒက်စ်ကို ချိတ်ဆက် ကစား ခြေစွမ်းပြသွားခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ် ရွေးချယ်လိုက်တဲ့ ဒီလထဲ ကစားမယ့် ပွဲတွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ဆန်ချို မပါဝင်ဘဲ ချန်လှပ်ခံခဲ့ရပါတယ်။

သရဲနီဟောင်းကြီး ပေါစခိုးလ်ကတော့ ဆန်ချို ကို တောင်ပံတိုက်စစ်ထက် ကွင်းလယ်ဝင်ပြီး ချိတ်ဆက် ကစားစေရင် အင်္ဂလန် အတွက်လည်း အစွမ်းပြနိုင်မှာ ဖြစ်ကြောင်း ထောက်ပြ တိုက်တွန်းသွားခဲ့ပါတယ်။

” ဂါရတ် (ဆောက်ဂိတ်) က သူ့ ကစားသမားတွေကို သူ့အကြောင်းနဲ့ သူ ရွေးပြီးပါပြီ။ အရင် လူစာရင်း ပုံစံ အတိုင်းပဲ ဖြစ်မယ် ထင်ပါတယ်။ ကျနော်ကတော့ လောလောဆယ်မှာ ဆန်ချို က ဂရေးလစ်ချ်ထက် ပို ထိုက်တန်တဲ့ အခွင့်အရေး ရှိသင့်တယ်လို့ ထင်တယ်။ လီဗာပူးနဲ့ ပွဲမှာ သွင်းဂိုးကောင်း သွင်းခဲ့သလို ဒီညပွဲမှာလည်း ခြေစွမ်း ကောင်းတယ်။

သူက အလယ်ထဲ ဝင် ကစားပြီး အသင်းဖော်တွေကို ချိတ်ဆက် ပေးတဲ့ အခါ ပိုကောင်းတယ်။ သူက လျှပ်စီးလို မြန်နှုန်းနဲ့ ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး ကစားဖို့ သိပ် အဆင်မပြေဘူး။ သူ ဒေါ့မွန်မှာ ကောင်းခဲ့တယ် ဆိုတာက သူ ဟာလန်းနဲ့ ဟာကိမိ ကို ချိတ်ဆက်ပေးခဲ့တာ။ သူ အမြဲတမ်း ချိတ်ဆက် ကစားဖို့ သူ ရှိနေခဲ့တာ။

ဒါကို မန်ချက်စတာ ယူနိုက်တက်မှာ သူ လုပ်နိုင်ရင်၊ အဲရစ်ဆန်နဲ့ ဖာနန်ဒက်စ်ကို ရှာဖွေ ချိတ်ဆက် ကစားနိုင်ရင် ယူနိုက်တက် အတွက် ကစားသမားကောင်း တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ” လို့ စခိုးလ်က ပြောဆိုခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ဒီတလော သီတင်းပတ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြနေပြီး ၆ ပွဲ ကစားရာမှာ ၃ ဂိုး ထိ သွင်းယူထားပါတယ်။