လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် ကတော့ လက်ရှိ အာဆင်နယ် အသင်းဟာ တကယ်ကို စိတ်လှုပ်ရှားစရာ အနေအထားပဲ လို့ ချီးကျူး သုံးသပ်သွားပါတယ်။

ဒီနောက်ပိုင်း နှစ်တွေဟာ အာဆင်နယ် ပရိသတ်တွေ အတွက် ခက်ခဲတဲ့ ကာလတွေ ဖြစ်ခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ စိတ်လှုပ်ရှား ရင်ခုန်စရာအချိန် ရောက်လာခဲ့ပြီ လို့လည်း အိုဝင်က ဆိုပါတယ်။

” ပြီးခဲ့တဲ့ နှစ်တွေထဲမှာ အာဆင်နယ်က ပျော့လွန်းတယ်လို့ ပြောဆိုခဲ့တာ ကျနော် ရှေ့ဆုံးက ပါခဲ့ပါလိမ့်မယ်။ တကယ်လည်း သူတို့မှာ ဟာကွက်တွေ ရှိခဲ့တယ်။ အခုတော့ အသင်းမှာ လူငယ်တွေ ရှိပေမယ့် သူတို့ ရင့်ကျက်လာခဲ့ပြီ။

အာဆင်နယ်ရဲ့ လက်ရှိ စွမ်းဆောင်ရည်က ပြီးခဲ့တဲ့ရာသီကနေ ယှဉ်လိုက်မယ် ဆိုရင် လုံးဝ ခြားနားတဲ့ အဆင့် တစ်ဆင့် ကို ရောက်နေပြီ။ သူတို့ ကစားခဲ့တဲ့ ပွဲတွေကို ကြည့်ရင် သူတို့ အသာရနိုင်တဲ့ ပွဲတွေ များခဲ့ပါတယ်။ ပထမ ၅ ပွဲ သူတို့ နိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က အကြီးမားဆုံး စမ်းသပ်မှု ဖြစ်ခဲ့တယ်။ အဲဒီပွဲလည်း ရှုံးခဲ့ပေမယ့် ကစားတာ မဆိုးခဲ့ဘူး။

နောက်ပြီး သူတို့ နိုင်ပွဲတွေ လမ်းကြောင်းပေါ် ပြန်ရောက်လာနိုင်တာကလည်း သိပ် အရေးကြီးတယ်။ အခု သူတို့ အမှတ်ပေးဇယား ထိပ် ကို ပြန်ရောက်သွားပြီ။ စိန်ခေါ်မှုကြီးတွေကလည်း လာဦးမယ်။ အစောပိုင်း ပွဲတွေက အသာရနိုင်ခဲ့တယ် ဆိုပေမယ့် နိုင်ပွဲတွေ ရခဲ့တာကြောင့် ယုံကြည်မှုတွေ တိုးလာနေတယ်၊ သူတို့ ရင့်ကျက်လာနေတယ်။

ကျနော်သာ အာဆင်နယ် ပရိသတ် တစ်ဦး ဆိုရင် ဒီလောက်နှစ်တွေ စောင့်ခဲ့ရအပြီးမှာ အခုချိန် စိတ်လှုပ်ရှား ရင်ခုန်နေရလောက်ပြီ။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပွဲမှာ ဘရန့်ဖို့ဒ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ၃-ဝ နဲ့ ဂိုးပြတ် အနိုင်ရကာ အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ရပ်တည်နေပါတယ်။