ဒီတပတ်မှတော့ လီဗာပူးအသင်းနဲ့ မန်ချက်စတာ စီးတီးတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အန်းဖီးကွင်းမှာ စူပါဆန်းဒေး ပွဲကောင်း အဖြစ် ထိပ်တိုက်တွေ့ကြပြီ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၀ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ လီဗာပူးနဲ့ မန်စီးတီး တို့ ပွဲတွေ အတွက် အခုလို သုံးသပ် ထားပါတယ်။

” လီဗာပူးမှာ ဖာမင်နိုနဲ့ နူးညက်စ်တို့က ပုံစံကောင်းတွေ ရနေပါတယ်။ တိုက်စစ်သမားတွေက လီဗာပူးကို ကယ်တင်နေတာပါ။ ဒီယက်စ် ဒဏ်ရာရသွားတော့ ဘယ်ခြမ်းကို တစ်ယောက်ယောက် ဖြည့်ပေးဖို့ လိုအပ်နေတယ်။ ပွဲကြီးတွေမှာ ကစားသမားတွေ ပုံမှန်နေရာ မဟုတ်ဘဲ ကစားရတာက ခက်ခဲပေမယ့် ဒီပွဲမှာ နူးညက်စ်ကတော့ ပွဲထွက်ရမှာပါ။

ဖာမင်နို နောက်နည်းနည်းချပြီး ကစားရင် လီဗာပူးက တိုက်စစ်သမား ၄ ဦးလုံးကို ပွဲထုတ်လို့ ရပါတယ်။ အာဆင်နယ်ပွဲမှာ သူတို့ တိုက်စစ်သမား အများကြီး ထုတ်သုံးခဲ့ပြီး ကွင်းလယ်ရဲ့ အကူအညီ လိုအပ်ခဲ့တယ်။ ဖာမင်နို ပွဲထွက်က မပါချိန် တိုက်စစ်သမား ၄ ဦး ပွဲထုတ်တာက လီဗာပူးအတွက် အဆင်မပြေခဲ့ပါဘူး။

ဆာလာ အတွင်းကို ပြေးလွှားနိုင်ချိန်တွေမှာ လီဗာပူးရဲ့ ကစားဟန်က သိပ်ကောင်းပါတယ်။ ပြဿနာက နူးညက်စ်က တိုက်စစ်ပိုင်း နေရာလွတ်တွေကို အသုံးချနေတာကြောင့် ဆာလာက အဲ့လို ဝင်ပြေးတာတွေ မလုပ်နိုင်ပါဘူး။ ကလော့ပ်က ဒီပြဿနာကို ကြိုမတွေးထားဘဲ အမြန်ဆုံး ဖြေရှင်းဖို့ လိုပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်ရာမှာ ဂိုးမက်စ်က အစွန်နေရာ ကစားခဲ့တယ်။ သူက ဖိုဒန်၊ ဂရီလစ်တိုကို ထိန်းချုပ်ဖို့ ရုန်းကန်ရမှာပါ။ ဟာလန်းက ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးသွင်းရှင်ကို ထိန်းချုပ်ရတာက ခက်ခဲမှာဖြစ်သလို နှစ်ဦးလုံးအတွက် စိတ်ဝင်စားစရာ စိန်ခေါ်မှုပါပဲ။

ဒီနှစ်တွေမှာ လီဗာပူးတို့ သိပ်ကောင်းပေမယ့် ကစားသမားကောင်း အချို့ကို လက်လွတ်ရတာက ပြဿနာတွေဖြစ်စေခဲ့တယ်။ ဒီအပတ်ပွဲမှာ ဆာလာက ခြေစွမ်းပြဖို့ လိုပါတယ်။ လီဗာပူးနိုင်မယ်ထင်လားဆိုရင်တော့ မထင်ပါဘူး။ သူတို့ ဂိုးတွေ အရမ်းပေးနေရပြီး ဟာလန်းကို ရလိုက်တဲ့ မန်စီးတီးက ပွဲတွေကို နိုင်နေဆဲပါ။

လီဗာပူးက ဒီအပတ်ပွဲမှာ အနည်းဆုံး ၂ ဂိုးသွင်းမယ့် မန်စီးတီးကို ရပ်တန့်နိုင်မယ်လို့ ကျနော်တော့ မထင်ပါဘူး။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ လီဗာပူး ၁-၃ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။