ဘိုင်ယန်မြူးနစ် ကြယ်ပွင့်တွေဟာ ဘာစီလိုနာနဲ့ရဲ့ ချန်ပီယံလိဂ် ခရီးကို အဆုံးသတ်ပေးနိုင်မယ့် ဒီကြားရက်ပွဲအတွက် စိတ်လှုပ်ရှားနေကြပါတယ်။

ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် ဘောလုံးရာသီဟာ ဒီအပတ်ပွဲမှာတင် အဆုံးအဖြတ် ဖြစ်သွားနိုင်ပြီး ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်မယ်ဆိုရင် ယူရိုပါလိဂ်ထံ ဆင်းကစားရမှာပဲ ဖြစ်ပါတယ်။

နွေတုန်းက ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းဖြင့် ပြောင်းသွားခဲ့တဲ့ လီဝန်ဒေါစကီးဟာ အသင်းဟောင်းနဲ့ ပြန်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ နှစ်သင်း ကံကြမ္မာက ကွဲပြားနေပြီး ဘိုင်ယန်မြူးနစ်က ရှုံးထွက်ကို တက်ချိန်မှာ ဘာစီလိုနာက ယူရိုပါလိဂ်တောင် မသေချာသေးပါဘူး။

ဂေါ်ရက်စကာက လီဝန်ဒေါစကီးဟာ ‘ပါးစပ်ဖွာသူ’ လို့ ပွဲကြိုမှာ ကင်ပွှန်းတပ်ခဲ့သလို အသင်းဖော်ဖြစ်တဲ့ ချူပိုမိုတင်းကလည်း ‘ဘာစီလိုနာရဲ့ နောက်ဆုံး အခွင့်အရေးလို ပွဲစဉ်’ အဖြစ် မှတ်ချက်ပေးပါတယ်။

ဂေါ်ရက်စကာက ‘ ဘိုင်ယန်မှာတုန်းက လီဝန် စကားအရမ်းများပါတယ်။ အကြိမ်တိုင်း ရှုံးထွက်တက်မယ်၊ ဘယ်အဆင့် ထပ်သွားမယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ အခု ကျနော်တို့အသင်းမှာ အဲ့လို ပြောတာတွေ ထပ်မရှိတော့ပါဘူး။

နူးကမ့်မှာ ဘာစီလိုနာကို ရင်ဆိုင်ကစားရပြီဆိုရင် ရာသီကြို ပြင်ဆင်တာပဲဖြစ်ဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ သူတို့နဲ့ ယှဉ်ပြိုင်မယ့်ပွဲကို ကျနော်တို့က အရမ်ကို မျှော်လင့်နေပြီး သိပ်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ပွဲကို အနိုင်ရဖို့လည်း တတ်နိုင်သလောက် အားလုံးကို လုပ်ဆောင်သွားမှာပါ ‘ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချူပိုမိုတင်းကလည်း ‘ ဒီပွဲက ဘာစီလိုနာရဲ့ နောက်ဆုံး အခွင့်အရေးပါပဲ။ ဒီပွဲကို ရင်ဆိုင်ဖို့ကော လီဝန်ကို ရင်ဆိုင်ဖို့ပါ ကျနော်တို့ စောင့်မျှော်နေပါတယ်။ သူက ကမ္ဘာအဆင့် ကစားသမားပါ။ ဘာစီလိုနာကို ရင်ဆိုင်ကစားရတာက အမြဲတမ်း သိပ်ကောင်းပါတယ် ‘ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။