မန်ချက်စတာ ယူနိုက်တက်ဟာ ပဲလေစ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနဲ့ ပွဲပြီးခါနီးထိ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှ ချေပဂိုးပေးလိုက်ရတာကြောင့် ၁-၁ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပွဲချိန် ၉၁ မိနစ်မှာ အိုလီဆီက တည်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းယူပြီး အဖိုးတန် ခြေပဂိုး ရယူသွားတာ ဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ သရေကျခဲ့တာကြောင့် အဆင့် ၃ နေရာကိုပဲ တက်လာနိုင်ခဲ့ပြီး အာဆင်နယ်နဲ့ ၈ မှတ် ကွာခြားနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီပွဲမှာ ကက်စီမီရို အဝါကဒ် ရခဲ့တာကြောင့် ဘရာဇီးသားဟာ ဒီရာသီ အဝါ ၅ ကဒ် ရခဲ့ပြီး အာဆင်နယ်ပွဲကို လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။

ဘရာဇီးသားဟာ ပဲလေစ့်တိုက်စစ်သမား ဇာဟာကို ခြေမြှောက်ကန်ခဲ့တာဖြစ်ပြီး အဝါကဒ် ပြသခံခဲ့ရတာပါ။ တန်ဟက် ကတော့ ကက်စီမီရိုရဲ့ ဖြစ်ရပ်အတွက် “ သူက ဘောလုံးကို ရလိုခဲ့တာပါ” လို့ ကာကွယ်သွားပါတယ်။

ဒီရာသီမှာ ပါတေးနဲ့အပြိုင် အကောင်းဆုံး ကွင်းလယ် ခံစစ်သမားအဖြစ် ချီးကျူးခံနေရတဲ့ ကက်စီမီရိုဟာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူမပါဝင်နိုင်ခြင်းကြောင့် သီတင်းပတ်အကုန် အဝေးကွင်းပွဲမှာ နည်းပြတန်ဟက်ရဲ့ အသင်း အားနည်းမှုတွေ ရှိနေမှာဖြစ်တယ်။

သူ့နေရာမှာ ဖရတ်နဲ့ တော်မီနေးတို့ကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘရာဇီးသားရဲ့ လွှမ်းမိုးမှုကြီးမားတဲ့ အဖျက်စွမ်းအားမျိုး ထပ်တူတော့ ရနိုင်မှာ မဟုတ်ပါဘူး။

ယူနိုက်တက် တိုက်စစ်သမား ဆန်ချိုကတော့ အနားယူနေရာကနေ ကလပ် လေ့ကျင့်ရေးထဲ ပြန်ရောက်လာခဲ့ပြီဖြစ်ကာ ပဲလေစ့်ပွဲမှာ အရန်စာရင်းထဲတောင် ပါဝင်လာခြင်းတော့ မရှိသေးတာ ဖြစ်ပါတယ်။