ပရီးမီးယားလိဂ်ဟာ ၄ နှစ်ကြာ စစ်ဆေးခဲ့တဲ့ မန်စီးတီးရဲ့ ဘဏ္ဍာရေးချိုးဖောက်မှု ဆိုင်ရာ ကိစ္စကို တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီဖြစ်ကာ မကြာခင်မှာ အရေးယူမှုတွေ ပေါ်ပေါက်လာပါတော့မယ်။

ပရီးမီးယားလိဂ်ဘက်က “ မန်စီးတီးဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ် ” လို့ ဖော်ပြခဲ့တယ်။ မန်ချက်စတာကလပ်ဟာ အကြိမ် ၁၀၀ ကျော်ထိ စည်းမျဉ်း ချိုးဖောက်ထားကြောင်း ဖော်ထုတ်ခဲ့ပြီး စုံစမ်းမှု ရလဒ်တွေကို လွတ်လပ်သော ကော်မရှင်ထံ လွဲပြောင်းပေးထားပြီ ဖြစ်ပါတယ်။

၉ ရာသီစာအတွင်း များပြားလှတဲ့ ဖောက်ဖျက်မှုတွေအတွက် မန်စီးတီးကို စွဲချက်တင်ခြင်းဖြစ်ကာ ရမှတ်လျော့ ပြစ်ဒဏ် ဒါမှမဟုတ် တန်းဆင်းရမယ့် ပြစ်ဒဏ်မျိုးတွေကို ရင်ဆိုင်ရမယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတုန်းက မန်စီးတီးဟာ ယူအီးအက်ဖ်အေရဲ့ စစ်ဆေးခြင်းကို ရှေ့နေ့တွေနဲ့အတူ ခုခံချေပခဲ့တာကြောင့် ဒဏ်ကြေး ပေါင် ၂၅ သန်း ပေးဆောင်ဖို့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ အဆိုပါ ပြစ်ဒဏ်ကို မန်စီးတီးက အားကစားခုံရုံးထံ အယူခံဝင်ခဲ့ပြီး ဒဏ်ကြေး ပေါင် ၉ သန်း ပေးဆောင်ခြင်းနဲ့တင် ပြီးဆုံးခဲ့ပါတယ်။

ဒါပေမယ့်လို့ The Times သတင်းထောက် Martyn Ziegler ရဲ့ ဖော်ပြချက်ကို ရိုမန်နိုက ကိုးကား ဖော်ပြရာမှာ “ ယူအီးအက်ဖ်အေရဲ့ ပိတ်ပင်မှုကို ပြန်လှန် နိုင်ခဲ့တဲ့ အားကစားခုံရုံးထံ အယူခံဝင်မှုလိုမျိုး မန်စီးတီးက လုပ်ခွင့်ရမှာ မဟုတ်ဘူး ” လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတွေအရ လိဂ်ဘက်က အရေးယူခဲ့ရင် အဆိုပါ ပြစ်ဒဏ်ကို အားကစားခုံရုံးထံ အယူခံဝင်ခွင့် မပေးထားတာ ဖြစ်ပါတယ်။ ရမှတ်လျော့ ခံရနိုင်ကြောင်း သတင်းကြီးသလို တန်းဆင်းရတဲ့ထိ အရေးယူခံရနိုင်ကြောင်းပါ ဖော်ပြနေခဲ့ကြတယ်။

မန်စီးတီးရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးဟောင်းဖြစ်သူ Stefan Borson ကတော့ ဒီကိစ္စဟာ စိုးရိမ်ရလားဆိုရင် ပရီးမီးယားလိဂ်ရဲ့ စွပ်စွဲချက် အတိုင်းအတာဟာ မှန်ကန်ကြောင်း သက်သေပြနိုင်ရင် စီးတီးတို့ တန်းဆင်းရနိုင်တယ်လို့ တွစ်တာမှာ ရေးသားသွားခဲ့ပြီ ဖြစ်ပါတယ်။