မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂလေဇာမိသားစုရဲ့ လက်အောက် ကာလရှည်ကြာ ဒုက္ခသုက္ခတွေဟာ အဆုံးသတ်ရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကာတာ ဒါမှမဟုတ် ဗြိတိန် ရင်းနှီးမြုပ်နှံသူတွေထံကနေ ပမာဏများပြားတဲ့ ကမ်းလှမ်းမှု ရဖို့ ရှိနေပါတယ်။

ပိုင်ရှင်သစ်တွေဟာ ပရိသတ်တွေထံက ထောက်ခံမှုကောင်းရဖို့ ပိုင်ဆိုင်မှု ကနဦး ကာလတွေမှာ ငွေသုံးလေ့ ရှိပါတယ်။ ဒီကာလမှာ နည်းပြ တန်ဟက်ကို အသုံးစရိတ် ထောက်ပံ့မှုတွေ ပေးမယ်ဆိုရင် ယူနိုက်တက်ရဲ့ အဓိက ပွဲထွက် လူစာရင်းက ဘယ်လို ပြောင်းလဲသွားနိုင်မလဲ ဆိုတာကို သုံးသပ်ကြည့်ပါမယ်။

ပထမဆုံးအနေနဲ့ ဒေးဗစ်ဒီဂီယာရဲ့ နေရာဟာ အနှေးနဲ့အမြန် အပြောင်းအလဲ ရှိလာမှာပါ။ အသက် ၃၂ နှစ်အရွယ် ဂိုးသမားရဲ့ ထိပ်တန်းအဆင့် အချိန်တွေက လာမယ့် ဘောလုံးရာသီ အနည်းငယ်အတွင်း အဆုံးသတ်တော့မှာဖြစ်သလို သူ့ရဲ့နေရာမှာ စပိန်သား ဒေးဗစ်ရာယာ ရောက်လာနိုင်ပါတယ်။

ယူနိုက်တက်ရဲ့ ဗဟိုခံစစ်ကတော့ ဒီအတိုင်းပဲ ရှိနေဦးမှာပါ။ လီဆန်ဒရို မာတီနက်စ်နဲ့ ဗာရန်းတို့ရဲ့ ခံစစ်အတွဲက နည်းစနစ်ရော ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေပါ ပြည့်ဝနေပါတယ်။ လုခ်ရှောကလည်း ဘယ်နောက်တန်းမှာ နေရာဆက်ရနေဦးမှာပါ။ ဒါပေမယ့် ညာနောက်တန်းကတော့ အပြောင်းအလဲဖြစ်ဖို့ အများဆုံးပါပဲ။

ဝမ်ဘစ်ဆာကာနဲ့ ဒါးလော့တို့ဟာ ပထမအသင်း ပုံမှန်ကစားသမား နေရာကို ပြိုင်ဆိုင်နေကြပေမယ့် တန်ဟက် အကြိုက် ကစားသမားမျိုးတွေတော့ မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အင်တာမီလန်ကြယ်ပွင့် ဒန်ဇယ် ဒမ်ဖရိုင်းအပေါ် စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းဖွယ် ရှိပါတယ်။

ကာဆီမီရိုက ယူနိုက်တက်ရဲ့ ရာသီအတွင်း တောက်ပတဲ့ အလင်းရောင်တန်း ဖြစ်ခဲ့ပြီး ကလပ်မှာ ပိုက်ဆံ ဘယ်လောက်ပဲရှိရှိ သူကတော့ ပထမအသင်းမှာ နေရာတစ်ခု ရနေဦးမှာပါ။ သူ့ရဲ့ ကွင်းလယ်တွဲဖက်ကတော့ အပြောင်းအလဲရှိမှာ သေချာသလောက်ပါပဲ။

တန်ဟက်က နယ်သာလန်သား ကွင်းလယ်လူ ဒီယောင်ကို အတော်လေး သဘောကျပါတယ်။ သရဲနီတွေဟာ တနွေလုံး သူ့ကိုရဖို့ ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒီယောင်ကို အဓိက ပစ်မှတ်အဖြစ် နည်းပြ တန်ဟက်က ချိန်ရွယ်ထားဦးမှာပါ။

ကာဆီမီရိုနဲ့ ဒီယောင်းရှေ့မှာ ရက်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်၊ အန်တိုနီတို့ သုံးယောက်တန်း ရှိနေမှာ ဖြစ်ပါတယ်။ ရက်ဖို့ဒ်နဲ့ ဖာနန်ဒက်ဟာ အိုးထရက်ဖို့ဒ်မှာ တောက်ပတဲ့ ပုံစံတွေ ပြသနေခဲ့ပေမယ့် အန်တိုနီကတော့ ပထမရာသီဝက်မှာ ရုန်းကန် နေရပါတယ်။ ဒါပေမယ့် အသက်အရွယ်အရ အန်တိုနီဟာ အခွင့်အရေးတွေ ဆက်ရနေဦးမှာပါ။

တိုက်စစ်ပိုင်းအတွက် အထိရောက်ဆုံး ခေါ်ယူမှုကတော့ စပါးကြယ်ပွင့် ဟယ်ရီကိန်းပဲ ဖြစ်ပါလိမ့်မယ်။ စပါးရဲ့ ထာဝရ ထိပ်တန်းဂိုးသွင်းရှင် စံချိန်ချိုးခဲ့တဲ့နောက် ကိန်းဟာ သူ့ရဲ့ သာလွန်ထူးကဲတဲ့ ပါရမီအတွက် ပြသစရာ ဆုဖလား တချို့ကတော့ လိုချင်နေမှာ အမှန်ပါ။

ကိန်းနဲ့ စပါးရဲ့စာချုပ်က သိပ်မကြာခင် သက်တမ်းကုန်မှာ ဖြစ်တာကြောင့် လာမယ့် အပြောင်းအရွှေ့ ကာလမှာ ယူနိုက်တက်ဘက်က ကြိုးစားကြည့်မှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။

နောက်ရာသီ ယူနိုက်တက်ရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

  • ဂိုး – ရာယာ
  • နောက်တန်း – ဒမ်ဖရိုင်း၊ ဗာရန်း၊ မာတီနက်၊ ရှော
  • အလယ်တန်း – ဒီဂျောင်၊ ကာဆီမီရို၊
  • ရှေ့တန်း – အန်တိုနီ၊ ဖာနန်ဒက်၊ ရက်ဖို့ဒ်၊ ကိန်း