ချယ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမှတ်ပေးဇယား အောက်ဆုံး အဆင့် ၂ဝ မှာ ရှိနေတဲ့ ဆောက်သမ်တန် အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားခဲ့ရာ ၁-ဝ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်သွားခဲ့ပါတယ်။

ချယ်ဆီးအသင်း ဘုတ်အဖွဲ့၊ အကြီးအကဲတွေကတော့ ဇယား ဘိတ်ဆုံးက အသင်းကို အိမ်ကွင်းမှာ ရှုံးသည့်တိုင် သဘောထား မပြောင်းလဲဘဲ ဂရေဟမ် ပေါ်တာကိုသာ ဆက်ခန့်ထားမယ်လို့ သိရပါတယ်။

နည်းပြ ဂရေဟမ် ပေါ်တာဟာ အခုချိန်ထိ အသင်းပိုင်ရှင် တော့ဒ်ဘိုလေရဲ့ ထောက်ခံမှု ရရှိထားဆဲပါ။ ဒါပေမယ့် ဘောလုံးကမ္ဘာမှာက ဘာမဆို ဖြစ်လာနိုင်ပြီး မျက်စိတမှိတ် အတွင်း ပြောင်းလဲသွားနိုင်ခြေ ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ အသက် ၄၇ နှစ် အရွယ် အင်္ဂလန်သားကို နည်းပြ ရာထူးကနေ ထုတ်ပယ်မယ် ဆိုရင် ဘယ်လောက် ကုန်ကျသွားနိုင်မလဲ ဆိုတာ အင်္ဂလန်သတင်းတွေက ဖော်ထုတ်ထားပါတယ်။

ပေါ်တာက စတန်းဖို့ဘရစ်ချ်မှာ လစာ ဘယ်လောက်ထိ ရတယ် ဆိုတာ မသိပေမယ့် ခန့်မှန်းခြေကတော့ လစာ ပေါင် ၁ဝ သန်း – ၁၂ သန်း ဝန်းကျင် ရရှိနေပါတယ်။ ၎င်းရဲ့ လက်ရှိ စာချုပ်က ၂၀၂၇ ထိ ရှိနေတာကြောင့် သက်တမ်း ၅ နှစ် ရှိနေပါတယ်။

ဒါကြောင့် ဘိုလေနဲ့ ချယ်ဆီးက ပေါ်တာကို ထုတ်ပယ်လိုက်မယ် ဆိုရင် လျော်ကြေး ပေါင် ၄၄ သန်း ကနေ ပေါင် ၅၂ သန်းထိ ပေးရဖွယ် ရှိပါတယ်။ ဒါ့အပြင် ပေါ်တာရဲ့ နည်းပြ အဖွဲ့ထဲ ပါဝင်နေတဲ့ ဝန်ထမ်းတွေကိုလည်း ပေါင် သန်း အနည်းငယ် ပေးရဦးမှာပါ။

ပေါ်တာက ထုတ်ပယ်ခံရနိုင်ခြေလည်း ရှိနေပြီး တကယ်လို့သာ အင်္ဂလန်သားက သူ့ရဲ့ ရဖွယ် လုပ်ခလစာ အကုန် မတောင်းဘဲ ကြားချကာ လျော်ကြေးကို ညှိနှိုင်းရင်တော့ ပို သက်သာဖွယ် ရှိပါတယ်။