လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက မနေ့ညက အန်းဖီးမှာ ရီးရဲလ်ကို ၅-၂ နဲ့ ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲ အပြီး အသင်းဟောင်း လီဗာပူးနဲ့ ပတ်သတ်ကာ မညှာတမ်း သုံးသပ်မှုတွေ ပြုလုပ်သွားပါတယ်။

ကာရေဂါကတော့ လီဗာပူးအသင်းဟာ လုံးဝ ပြိုလဲကျနေပြီ လို့ ဆိုခဲ့ပြီး လီဗာပူး ပြန်လာပြီ ဆိုတဲ့ မှတ်ချက်တွေ အပေါ် တုန့်ပြန်သွားခဲ့ပါတယ်။

” ပြီးခဲ့တဲ့ ၂ပွဲတည်းက လီဗာပူး ပြန်လာပြီ ပြောနေတာ အဓိပ္ပါယ် မရှိတာ။ လုံးဝ အဓိပ္ပါယ် မရှိတာပါ။ ဒါကြောင့် ဒီပွဲ မတိုင်ခင် ကျနော် သတိထားနေခဲ့တာ။

သူတို့က အဲဗာတန် အသင်းကို ကစားခဲ့တာ။ ဒါဘီပွဲ တစ်ပွဲမှာ အဲဗာတန် ဘာမှ မလုပ်နိုင်ခဲ့ဘဲ အဆိုးဆုံး ခြေစွမ်းဖြစ်နေတဲ့ အဲဗာတန် အသင်း။ နယူးကာဆယ်နဲ့ ပွဲမှာလည်း ကျနော် ရှိနေခဲ့တယ်။ သူတို့သာ ၁၁ ယောက်ဆို ၂-၂ ကို ပြန်ရောက်တယ်၊ အဲဒီလို ကျနော် သေချာ ခံစားမိခဲ့တယ်။

ဘာဖြစ်လို့လဲ ဆိုတော့ လီဗာပူးက ဒီရာသီ တလျောက်လုံး ခံစစ်ပိုင်းက ယိမ်းယိုင်နေတယ်။ ဒီအသင်းက ပြီးခဲ့တဲ့ ရာသီ သိပ်ကောင်းတဲ့ ခံစစ် မှတ်တမ်း ရှိခဲ့တာပါ။

ကွင်းလယ်မှာ စွမ်းအင်တွေ မရှိတော့ဘူး ဆိုတာ ကျနော် သိပါတယ်။ တိုက်စစ် ၃ ယောက်ကလည်း ဖိအားပေး မကစားနိုင်တော့ဘူး၊ အမာခံတွေ ဖြစ်တဲ့ ဖာမီနို၊ ဆာဒီယိုတို့လည်း မရှိဘူး။ ဒါမျိုး ကစားဟန်က နူးညက်ဇ်နဲ့ ဂတ်ပို အတွက်လည်း အသစ် ဖြစ်နေတယ်။

ဒါပေမယ့် လီဗာပူး ခံစစ်ကိုလည်း မေ့မထားနဲ့ဦး။ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေလို့ ကျနော်တို့ ပြောလာတဲ့ သူတွေက အခု မလုပ်နိုင်တော့ဘူး။

အရင်နှစ်တွေမှာ သူတို့ ရှေ့က ကစားနေတဲ့ ၆ ယောက်လောက်က အလုပ် ကြိုးစားခဲ့ကြသူတွေ၊ တခြား အသင်းက သူတွေထက် ပါးနပ်သူတွေ ဖြစ်ခဲ့ကြတယ်။ အခု သူတို့လည်း မရှိရော အသင်းက လုံးဝ ပြိုလဲကျသွားရောပဲ။ ” လို့ ကာရေဂါက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။