မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ ဒီတလောမှာ သွင်းဂိုးတွေ ရပ်တန့် မရနိုင်လောက်အောင်ကို ပွဲတိုင်းကျော် ဂိုးမြူးနေခဲ့တာပါ။ ကမ္ဘာ့ဖလား ပြီးတည်းက အင်္ဂလန်သား ဟာ ဂိုးသွင်းခြေ အထူး အစွမ်းပြနေတာ ဖြစ်ပါတယ်။

ရက်ဖို့ဒ် က ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုး ရှိနေပြီ ဖြစ်သလို ယူရိုပါလိဂ်မှာ ၄ ဂိုး၊ ကာရာဘောင်းမှာ ၅ ဂိုးနဲ့ အက်ဖ်အေဖလားမှာ ၁ ဂိုး သွင်းယူထားခဲ့ကာ ပြိုင်ပွဲစုံ ခြေတွေ့နေပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်က ရက်ဖို့ဒ် ရပ်တန့် မရနိုင်အောင် ဂိုးသွင်းကောင်းနေတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်အား ဖော်ထုတ်လာခဲ့ပါတယ်။ သူကတော့ ဂိုးသွင်း သီးသန့် နည်းပြ ဘန်နီ မက်ကာသီပဲ ဖြစ်ပါတယ်။

မက်ကာသီဟာ ရက်ဖို့ဒ် အပါအဝင် ယူနိုက်တက် တိုက်စစ်သမားတွေကို လေ့ကျင့် နည်းပြပေးနေသူ ဖြစ်ပြီး သူ့ကို ရထားတာ ကံကောင်းတယ် လို့ တန်ဟက်က ဖွင့်ဟလာခဲ့ပါတယ်။

” ကျနော်တို့ နည်းပြ အဖွဲ့ထဲမှာ ခံစစ်သမားတွေ ကွင်းလယ်သမားတွေ အများကြီး ရှိပါတယ်။ ဒီတော့ ဟန်ချက်ညီအောင် တိုက်စစ် အားသန်တဲ့ တိုက်စစ်မှုးဟောင်း တစ်ယောက် ထပ်ဖြည့်ခဲ့တာပါ။

မက်ကာသီ က အသင်းမှာ သီးသန့် ကိစ္စတွေကိုပဲ ကိုင်တွယ်ပါတယ်။ ကျနော်ကလည်း တိုက်စစ်နေရာ မကစားဖူးဘူး။ ဒီတော့ ကျနော့် နည်းပြ အဖွဲ့ထဲမှာ သူ့ကို ခေါ်နိုင်လိုက်တာ သိပ် ကံကောင်းတယ်။

ဘောလုံးဆိုတာက ဂိုးသွင်းဖို့ပဲလေ။ အသင်းမှာ ဂိုး စပါရှယ်လစ် နည်းပြတွေလည်း ရှိတယ်။ တိုက်စစ်ပိုင်း သီးသန့် ကိုင်တဲ့သူ အထူးသဖြင့် ဂိုးသွင်း ထရိန်နာလည်း ရှိပြီဗျာ။

သူက အသေးစိတ် လမ်းညွှန်ပြသပေးနေပါတယ်။ ဒါပေမယ့် ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ အတူတကွ အလုပ်လည်း လုပ်ပါတယ်။ အသင်းက ကစားသမားတွေ အကုန်လုံးနဲ့လည်း ဆက်ဆံရေး ကောင်းတယ်။ သူက တကယ်ကို အလုပ်ကောင်း လုပ်နေတာပါ။ ” လို့ တန်ဟက်က ထုတ်ဖော် ခဲ့တာ ဖြစ်ပါတယ်။

မက်ကာသီဟာ ပေါ်တို အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာလည်း ကစားဖူးပြီး တောင်အမေရိကသားဟာ ဘလက်ဘန်း အသင်းနဲ့ အတူ ၁၀၉ ပွဲ ကစား ၃၇ ဂိုး သွင်းခဲ့သူ ဖြစ်ပါတယ်။