အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ဦးဆောင်နေပေမယ့် ဒီကာလတွေအတွင်း မြင်နေရတဲ့ အားနည်းချက်ကို မပြင်နိုင်ဘူးဆိုရင် ချန်ပီယံဖြစ်ဖို့ ခက်ခဲလိမ့်မယ်လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ထောက်ပြ လိုက်ပါတယ်။

၂၀၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် အင်္ဂလန်ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်ဟာ ဒီရာသီ ပထမဆုံးလိဂ် ၁၉ ပွဲမှာ ၁၆ဂိုးသာ ပေးခဲ့ရပါတယ်။

ဒါပေမယ့် ဂန်းနားတွေဟာ မကြာသေးခင်က အပတ်တွေအတွင်း ဂိုးတွေ စတင်ပေးလာရပြီးတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ပွဲမှာ ၁၂ဂိုး ခွင့်ပြုခဲ့ရတာပါ။

အာဆင်နယ်ရဲ့ ယိမ်းယိုင်မှုတွေကြောင့် မန်စီးတီးနဲ့ ယူနိုက်တက်တို့ဟာ ဇယားထိပ်နဲ့ ပိုနီးကပ်လာခဲ့ပေမယ့် အာတီတာရဲ့အသင်းဟာ တစ်ပွဲကျန် အနေအထားမှာ စီးတီးကို ၂မှတ် ဖြတ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခံစစ်ကို မပြင်ဆင်နိုင်ရင် ဂန်းနားတို့ရဲ့ ဖလားစိန်ခေါ်မှုက အားနည်းသွားနိုင်တယ်လို့ နဗီးက ယူဆထားပါတယ်။

“ ကြားရက်က မန်စီးတီးကို အရေးနိမ့်ပြီးတဲ့နောက် အာဆင်နယ်က ဗီလာကို အနိုင်ရဖို့ အရေးတကြီး လိုအပ်ခဲ့တယ်။ နောက်ဆုံးမှာ အာဆင်နယ်တို့ အရေးကြီးနိုင်ပွဲကို ရခဲ့တယ်။

ဖလားပြိုင်ပွဲက ခရီးအဝေးကြီး သွားရမှာဖြစ်လို့ အပေါ်တက် အောက်ဆင်း အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ဆိုင်မှုပဲ။ ဒါပေမယ့် မန်စီးတီးကို ရှုံးပြီးနောက် ချက်ခြင်း နိုင်ပွဲပြန်ရခဲ့တာဟာ အာဆင်နယ် အတွက် ကောင်းတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။

ကျွန်တော် ပြောချင်တာ တစ်ခုက အာဆင်နယ်ဟာ နောက်ဆုံး ၆ ပွဲမှာ ၁၂ဂိုး ပေးခဲ့ရတယ်။ မင်းက ဂိုးတွေပေးနေရပြီး ပြိုင်ဘက်တွေက မင်းကို ဂိုးသွင်းဖို့ အခွင့်အရေးရှိတယ်လို့ တွေးလာရင် လိဂ်မှာ ဖလားရဖို့ သိပ်ခက်ခဲသွားမှာ အမှန်ပဲ။ သူတို့ ဒါကို သတိပြုဖို့ပဲ လိုပါတယ်။

ဒီတစ်ပတ်က သူတို့အတွက် ယုံကြည်မှု ပေးလိမ့်မယ်။ သူတို့ clean sheet တချို့ ပြန်ရနိုင်ရင် တကယ်ကို အရေးပါလာမှာပါ။ ဂိုးတွေပေးရတာက သတိထားဖို့လိုတဲ့ အရာပါ။ ဘာလို့လဲဆိုတော့ အဲ့ဒါက သူတို့အတွက် သိပ်ကို ခက်ခဲသွားစေနိုင်လို့ပါပဲ ” လို့ နဗီးလ်က သုံးသပ် သတိပေးခဲ့တာ ဖြစ်ပါတယ်။