ဘာစီလိုနာ အသင်း နည်းပြ ဇာဗီကတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် အပေါ် တောက်လျောက် မနားတမ်း ချီးကျူးမှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ နူးကမ့်မှာ ၂-၂ သရေကျခဲ့တဲ့ ပွဲ အပြီးမှာလည်း တန်ဟက်ကို အထူး ချီးကျူးခဲ့ပါသေးတယ်။

ဒီည အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ အဆုံးအဖြတ် ဒုကျော့ ကစားဖို့ ရှိနေပြီး ဒီပွဲ မတိုင်ခင်မှာလည်း ဇာဗီက တန်ဟက်ကို အများကြီး သဘောကျမိကြောင်း ချီးျကျူးစကားတွေ ဆိုခဲ့ပြန်ပါတယ်။

ဇာဗီ က ” အဲရစ် တန်ဟက် က သိပ်ကို တော်ပါတယ်။ ကျနော် သူ့ကို အများကြီး သဘောကျတယ်။ သူက အသင်း တစ်သင်းကို တည်ဆောက်တယ်။ ကစားသမားတွေ အကုန်လုံးဆီက အကောင်းဆုံး အရည်အသွေး ကို သူက ရယူနိုင်တယ်။ ဒါက သူ့အစွမ်းပဲ။

နည်းဗျူဟာပိုင်း အရလည်း သူက သိပ်တော်တယ်၊ အဝတ်လဲခန်း ကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်။ သူ့ ကစားသမားတွေဆီကနေ ရနိုင်သမျှ အရည်အချင်းတွေ အကုန်လုံး ထုတ်သုံးနေတယ်။

ခင်ဗျားတို့ တွေ့တယ်မလား၊ ဆန်ချို၊ ရက်ဖို့ဒ်၊ နောက်ပြီး ပေါ်တူဂီသား (ဘရူနို ဖာနန်ဒက်စ်) တို့ဗျာ။ ဖရက် ဘယ်လို ကစားနေပြီလဲ ဆိုတာရော ကြည့်လိုက်ဦး။ ” လို့ တန်ဟက်အား အထူး ချီးကျူးသွားခဲ့ပါတယ်။

ဒုတိယ အကျော့ ပွဲစဉ်နဲ့ ပတ်သတ်ပြီးလည်း ဇာဗီက ” ပွဲက ခက်ခဲမလား ဆိုရင်.. သရေကျသွားတည်းက ဒီပွဲတော့ ခက်ပြီလို့ သိပြီးသားပါ။ ကျနော်တို့ကလည်း အမြဲ တိုက်စစ်ဆင်ပြီး ရဲရင့်တဲ့ အသင်း၊ အမြဲ နိုင်ပွဲ ယူတဲ့အသင်းပါ။ ဒီပွဲမှာလည်း ဒီအတိုင်းပဲ ကစားမှာ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် သိပ်ကောာင်းလာသလို ဘာစီလိုနာ အသင်းကလည်း ဒီရာသီ ရပ်တန့်မရအောင် ခြေစွမ်းကောင်းတွေ ပြသနေပြီး အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲယူဖို့ စိတ်အားထက်သန်နေပါတယ်။