ပရီးမီးယားလိဂ် ကစားသမားဘဝ ခက်ခဲတဲ့ တာထွက်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ဒါဝင် နူးညက်စ်ဟာ ဒီရာသီမှာ သွင်းဂိုး လက်ဆယ်ချောင်းကျော် ရယူထားခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ကစားတဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ချန်ပီယံလိဂ်မှာ သွင်းဂိုး ၄ ဂိုး ရထားခဲ့ပါပြီ။ သူဟာ ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုး၊ ဂိုးထောက်ပံ့မှု ၄ ကြိမ် ရယူလာခဲ့တာပါ။

ဒါဝင်ဟာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်း၊ ဆုကြေးတွေ အပါအဝင် ပေါင် ၈၄ သန်းထိ ရောက်မယ့် ပမာဏနဲ့ လီဗာပူးကို ပြောင်းလာခဲ့တာပါ။ သူဟာ ခရီးလမ်း အရှည်ကြီးကို ကျော်ဖြတ်လာရတာဖြစ်ကာ တိုးတက်မှုတွေ ဆက်လက် ပြသဖို့ လိုအပ်မယ်လို့ မိုက်ကယ်အိုဝင်က ယူဆထားတယ်။

အိုဝင်က ပြောရာမှာ‘ သူက တကယ့် အကြမ်းထည်ပါပဲ။ သူ လီဗာပူးကို ရောက်လာတုန်းက ဒီလောက်ကြီး အကြမ်းထည် ဖြစ်နေလိမ့်မယ်လို့ မထင်မိဘူး။ မနှစ်ကရာသီ ချန်ပီယံလိဂ်မှာ မြင်ရတဲ့ သူ့ရဲ့ ခြေစွမ်းခြေစက သိပ်ကောင်းပြီး ပြိုင်ဘက်တွေကို အသက်ရှု ကြပ်စေတာမို့ သူ့အတွက် များပြားတဲ့ ပြောင်းရွှေ့ကြေး ပေးခဲ့ရတာပါ။

ဒါပေမယ့် ထိပ်တန်းကစားသမား ဖြစ်လာဖို့ သူ့ကို ကွပ်ကဲပေးဖို့ လိုပါတယ်။ ကျနော် သူ့ကို သဘောကျတာက ပုံစံတူ ကစားသမားမျိုး မဟုတ်ပေမယ့် ဒီဒီရာ ဒရော့ဘာလို တိုက်စစ်သမားမျိုးလို့ မြင်ပါတယ်။ ဒရော့ဘာတုန်းကလည်း ပထမ တစ်နှစ်လောက်မှာ အတော်လေး လှောင်ရယ်ခံခဲ့ရတာပါ။

ဒရော့ဘာရဲ့ ဘောလုံးထိချက်တွေ ဆိုးရွားခဲ့တယ်၊ အမှားတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် သူသင်ယူနိုင်ခဲ့ပါတယ်။ ဒါဝင်ကလည်း အဲ့လို လုပ်နိုင်မယ် ထင်ပါတယ်။ သူက တကယ့်ကို အကြမ်းထည်ပဲ ရှိပါတယ်။ သူ့က သင်ပြမှုတွေ အများကြီးကို ခံယူရမယ်။ ဒါပေမယ့် သူက အလားအလာတွေ ရှိပါတယ် ’ လို့ နှိုင်းယှဉ်ခဲ့တာပါ။

၂၀၀၄ မှာတုန်းက ချယ်ဆီးဟာ မာဆေးအသင်းကနေ ဒရော့ဘာကို ခေါ်ယူခဲ့တယ်။ အရှိန်၊ ပါဝင်နဲ့ လှုပ်အားနှုန်းတွေ ကောင်းမွန်ခဲ့ပေမယ့် ဒရော့ဘာဟာ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။