နယူးကာဆယ် ကစားသမားတွေဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားပြီး ၄၈ နှစ်အတွင်း ပထမဆုံးသော ဆုဖလားကို အနိုင်ရဖို့ အခွင့်အရေး ရှိနေပါတယ်။

နယူးကာဆယ်အသင်း ကာရာဘောင်းဖလား အနိုင်ရခဲ့မယ်ဆိုရင် ကလပ်ဘက်ကနေပြီး ပြိုင်ပွဲကပေးတဲ့ ဆုကြေးထက် ၁၀ ဆ ပိုများတဲ့ ပမာဏကို ချီးမြှင့်သွားမှာပါ။ ကလပ်ရဲ့ သမိုင်းဝင် အခိုက်အတန့် အမှန်တကယ် ဖြစ်လာခဲ့ရင် ဆုကြေး ချီးမြှင့်ပေးဖို့ ကလပ်ပိုင်ရှင်တွေဘက်က ဆန္ဒ ရှိနေပါတယ်။

၁၉၅၅ ခုနှစ်က အက်ဖ်အေဖလား အောင်မြင်မှုနောက်ပိုင်း ပထမဆုံးသော ပြည်တွင်းဆုဖလားကို ပြန်လည် အနိုင်ရခဲ့ရင် နည်းပြအတ်ဒီဟောင်ကလည်း စာချုပ်ပါအတိုင်း ဆုကြေး ခံစားခွင့်ရှိပါလိမ့်မယ်။

မနှစ်တုန်းက မိုက်အက်ရှလေ လက်ထဲကနေ ဆော်ဒီ နောက်ခံထားတဲ့ ပိုင်ရှင်တွေ လွဲယူပြီးတဲ့နောက် ကစားသမားတွေနဲ့ ကလပ်ကြားမှာ ပိုမို သင့်လျော် လိုက်ဖက်တဲ့ ဆုကြေး ပုံစံကို သဘောတူညီမှု ရခဲ့တာပါ။

EFL ဟာ ကာရာဘောင်း ဖလား အနိုင်ရတဲ့ အသင်းကို ဆုကြေး ပေါင် ၁ သိန်း ပေးအပ်ပြီး ဒုတိယရတဲ့ အသင်းကို ပေါင် ၅ သောင်း ပေးအပ်တာ ဖြစ်ပါတယ်။

ဒါကြောင့် ချန်ပီယံဖြစ်ခဲ့ရင် နယူးကာဆယ် အသင်းသားတွေဟာ ဆုကြေး ပေါင် ၁ သန်း နီးပါးကို ခွဲဝေယူခွင့်ရမှာ ဖြစ်ပါတယ်။ အဆိုပါပွဲကို ဂိုးသမားအဖြစ် ကားရီးယက်စ် တာဝန်ယူဖွယ်ရှိပြီး ဖလားကိုင်မြောက်နိုင်ရင် သူကလည်း ဆုကြေး ခွဲဝေယူခွင့်ရှိတဲ့ အသင်းသား စာရင်းမှာ အကြုံးဝင်နေတာပဲ ဖြစ်ပါတယ်။