မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဘာစီလိုနာကို အိုးထရက်ဖို့ဒ် ကွင်းမှာ ၂-၁ ဖြင့် အနိုင်ရပြီးနောက် ယူရိုပါလိဂ် ၁၆ သင်း အဆင့်ထံ တက်ရောက်သွားပြီ ဖြစ်ပါတယ်။

နောက်တစ်ဆင့်မှာ ယူနိုက်တက်က ဘယ်အသင်းနဲ့ တွေ့တွေ့ အနိုင်ယူဖို့ ကြိုးစားမှာပဲ လို့ ယူနိုက်တက် နည်းပြ တန်ဟက်က ပွဲ အပြီးမှာ ဆိုခဲ့ပြီး သရဲနီဟောင်းကြီး တိုက်စစ်မှုးဟောင်း ဗန်ပါစီကတော့ ဝင်ရောက် နောက်ပြောင်ခဲ့ပါတယ်။

ဗန်ပါစီဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက် တို့နဲ့ ကစားဖူးသူ ဖြစ်ပေမယ့် မန်ချက်စတာ ကလပ်ကို ပိုမို တွယ်တာဟန် ပြသထားသူပါ။ လက်ရှိမှာလည်း သူ့ကလပ် အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ နယ်သာလန် ကလပ် ဖီယင်နု အသင်းမှာ လူငယ်အသင်း နည်းပြ အဖြစ် တာဝန်ယူနေသူပါ။

ဗန်ပါစီ က ‘ တန်ဟက်က အသင်းတစ်သင်းက လွဲလို့ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်လိုမှာပါ။ သူမပြိုင်လိုတဲ့ အသင်းကို သိလား? ဖီယင်နုလေ ’ လို့ ဝင်ရောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် အသင်းဟောင်း နှစ်သင်း ယူနိုက်တက်နဲ့ ဖီယင်နုတို့ တကယ်တွေ့ရင် ဘယ်အသင်းဘက်က နေမလဲ လို့ ဗန်ပါစီက ပြန် မေးခွန်းထုတ်ခံခဲ့ရပြီး နယ်သာလန်သားက အခုလို ပြုံးပြုံးရွှင်ရွှင် တုန့်ပြန်ခဲ့ပြန်ပါတယ်။

‘ အခု ကျနော်က ဖီယင်နုအတွက် အလုပ်လုပ်နေတာပါ။ ဖီယင်နုက ကျနော် ငယ်ကလပ်လည်းဖြစ်တော့ ခက်ခဲပါတယ်။ ယူနိုက်တက်က ဒီနှစ်တွေထဲမှာ အများကြီး နိုင်ထားတာပဲဗျာ။ ဒီတစ်ပွဲတော့ ဖီယင်နုကို ပေးနိုင်လိုက်ပါ ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။