ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ထွက်သွားပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ နောက်ဆုံးတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ဆီမှာ ဂန္တဝင် နည်းပြကြီးရဲ့ ပုံစံတွေကို ရှာတွေ့ခဲ့ပြီလို့ ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်က ယုံကြည်နေပါတယ်။

ဖာဂူဆန်ဟာ ၂၆နှစ် အတွင်း မန်ချက်စတာ ကလပ်နဲ့ အတူ ဆုဖလား ၃၈လုံး အောင်မြင်ခဲ့ပြီး ၂၀၁၃ မှာ ယူနိုက်တက် ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ဖလား ယူပေးခဲ့ပြီးနောက် နည်းပြဘဝကနေ အနားယူလိုက်တာဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခု ကြာပြီးနောက် ယူနိုက်တက်ဟာ ဖလားအားလုံး လမ်းကြောင်းပေါ် ပြန်တက်လာခဲ့ပါတယ်။ ဒီရာသီ နည်းပြ တန်ဟက် ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ပြိုင်ပွဲ လေးရပ်လုံးမှာ ဆုဖလား ရနိုင်ခြေ ရှိနေပါသေးတယ်။

ပီတာ ရှမိုက်ကယ်က ဒီရာသီ ယူနိုက်တက်က ဖလားအားလုံး ယူသွားတာလည်း ဖြစ်နိုင်ကြောင်းနဲ့ ဆာအဲလက်စ် လို ခေတ်ထံ ပြန်ရောက်တော့မယ်လို့ ရင်ခုန်နေပါတယ်။

“ ဒီလိုအဆင့်ထိ ရောက်ဖို့ ၁၀နှစ်ကြာခဲ့တယ်။ ကျွန်တော့်အမြင်အရ ဒီရာသီက ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဖလားအားလုံး အောင်မြင်နိုင်သလို ဘာမှမရတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ တိုးတက်မှုကိုတော့ မြင်ခဲ့ရပါတယ်။

အခြေအနေတိုင်းကို နည်းပြကောင်း တစ်ယောက်ရဲ့ ပုံစံတွေအတိုင်း အဲရစ် တန်ဟက်က ကောင်းကောင်း ကိုင်တွယ် ခဲ့တယ်။ ဟိုအရင်က ဆာအဲလက်စ် ဖာဂူဆန် လိုပေါ့။ ‘ဝိုး ငါတို့တွေ သင့်တော်တဲ့လူကို ရလိုက်တာပဲ’လို့ ကျွန်တော် ထိုင်တွေးနေမိပါတယ် ” လို့ ရှမိုက်ကယ်က ဆိုပါတယ်။

ရှမိုက်ကယ်တင် မဟုတ်ဘဲ ၂၀၀၈ ချန်ပီယံလိဂ်ဖလား အောင်မြင်တဲ့ ယူနိုက်တက်မှာ အသင်းသားအဖြစ် ပါဝင်ခဲ့တဲ့ အိုဝင်ဟားဂရေ့ဗ်ကလည်း တန်ဟက် ရောက်လာပြီး နောက်ပိုင်း အသင်းအပေါ် အကျိုးသက်ရောက်မှုတွေကို ချီးကျူးပြောဆို ခဲ့ပါတယ်။