ဂယ်ရီ လိုင်ကာက လိဒ်စ် ယူနိုက်တက်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဖိုဖာနာကို ချီးကျူးမှု လုပ်ခဲ့ပြီး သူဘယ်လောက်ကောင်းလဲ ချယ်ဆီး ပရိသတ်တွေ မသိသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

ရာသီကြိုတုန်းက လက်စတာကနေ ချယ်ဆီးအသင်းထံ ပေါင် သန်း ၇၀ ဖြင့် ပြောင်းလာခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ ဒဏ်ရာ ပြဿနာကြောင့် ရုန်းကန်နေခဲ့ရတာပါ။ လိဒ်စ်ပွဲမှာတော့ သူဟာ ချယ်ဆီးအတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ဒဏ်ရာ ပြဿနာ ရှိခဲ့ပေမယ့် ချယ်ဆီးဟာ ဖိုဖာနာလို သိပ်ကောင်းတဲ့ ကစားသမားကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အလားအလာကောင်းတွေ ဆက်လက် မြင်တွေ့ရဖို့ လိုင်ကာက ဆန္ဒရှိနေပါတယ်။

လိုင်ကာက ‘ ချယ်ဆီးပရိသတ် ကျနော် သူငယ်ချင်းတွေကို ဒီကောင်းလေး ဘယ်လောက်တောင် ကောင်းတယ်ဆိုတာ မင်းတို့ မသိသေးပါဘူးလို့ ပြောပြခဲ့တယ်။ ချယ်ဆီး ကစားသမားဘဝမှာ သူက ဒဏ်ရာကြောင့် မပါနိုင်ဖြစ်နေခဲ့ပေမယ့် သိပ်ကောင်းတဲ့ ကစားသမားပါ ’ ဆိုပြီး ဖိုဖာနာကို ထောက်ခံစကား ပြောခဲ့ပါတယ်။

သူ့ရဲ့ အမြင်ကို အင်္ဂလန် ကွင်းလယ်လူဟောင်း မာဖီကလည်း ‘ ဖိုဖာနာက သိပ်ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံးပေးမှုတွေ သိပ်ကောင်းတယ်။ သူက ဘောလုံးနဲ့အတူ သက်သောင့်သက်သာ ရှိလှပြီး နှစ်ဘက် ဧရိယာထဲမှာ ခြိမ်းခြောက်နိုင်ပါတယ်။

သီယာဂို ဆေးဗား ဒဏ်ရာကြောင့် သီတင်းပတ် အနည်းငယ် အနားယူရမယ့် အချိန်မှာ သူပါလာတာက ချယ်ဆီးအတွက် တကယ်ကို ချိန်သားကိုက်ပါပဲ ’ ဆိုကာ ထောက်ခံခဲ့ပါတယ်။

ချယ်ဆီးဟာ နောက်ဆုံး ၁၅ ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းဇုန်နားက လိဒ်စ်ကို အနိုင်ရခဲ့တာပါ။ ဒီရလဒ်ကို ပေါ်တာက ကျေနပ်နေမှာဖြစ်ပြီး ဒါဟာ ချယ်ဆီးတို့ ပြန်ထောင်တက်လာခြင်းရဲ့ အစတောင် ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။