မနေ့ညက အန်းဖီးမှာ ကစားခဲ့တဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က လီဗာပူးအသင်းကို မကြုံစဖူး ၇-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ အပေါ် သရဲနီဟောင်း ကစားသမားဟောင်းကြီးတွေကတော့ အတော်လေး အရှက်ရနေကြပါတယ်။

ယူနိုက်တက်က ပထမပိုင်းမှာ ခြေစွမ်း အရမ်း မကွာခဲ့ဘဲ ၁ ဂိုးပဲ ပေးရပေမယ့် ဒုတိယပိုင်းမှာ နောက်ထပ် ၆ ဂိုး ထပ်ပေးရမှုနဲ့အတူ အန်ဖီးကွင်းအတွင်း အဆိုးရွားဆုံး ရှုံးပွဲကို မန်ချက်စတာ ယူနိုက်တက်တို့ ပိုင်ဆိုင်ခဲ့တာပါ။

ပွဲအပြီးမှာ ရွိုင်ကိန်းက “ တကယ့် ရှော့ခ် ရစရာ နေ့ပါပဲ။ စီနီယာတွေက ရှက်ဖို့တောင်ကောင်းတယ်၊ ဘာ ခေါင်းဆောင်မှု စွမ်းရည်မှ မပြနိုင်ဘူး။ ဂိုးတွေ ပေးလိုက်ရတာကလည်း အံ့တောင် ဩရတယ်။ ယူနိုက်တက်အတွက် ခက်ခဲတဲ့ နေ့တစ်နေ့ပဲ။

ယူနိုက်တက် ဒီလောက်ကြီး ဂိုးပြတ် ရှုံးတဲ့ အသင်းမှာ မပါရတာကိုပဲ ကျေးဇူးတင်မိတယ်။ ကစားသမားတွေကလည်း ရှက်ဖို့ကောင်းတယ်၊ သူတို့ရဲ့ စွမ်းဆောင်ရည်ကလည်း ရှက်ဖွယ်တွေပဲ။

ကျနော်သာ ၆-၀ တို့ ၇-၀ တို့နဲ့ ရှုံးရင် ပုန်းကိုနေမိမှာပဲ။ လနည်းနည်းလောက်ကို လူရှေ့ ထွက်မလာတော့ဘူး။ တကယ်ကို ရှက်ဖို့ကောင်းတာပါကွာ။ ၂ ဂိုးလောက် ရှုံးနေရင်ကို ရှက်တတ်တဲ့ စိတ်နဲ့ မာနလေး နည်းနည်းပြရမှာပါ။ သူတို့ကတော့ မလုပ်ပြနိုင်ပါဘူး ” လို့ စိတ်ပျက်စွာ ဝေဖန်ခဲ့တယ်။

ရွိုင်ကိန်း နည်းတူ ပေါ စခိုးလ် ကလည်း “ အသင်းလိုက်ပဲကြည့်ကြည့် ကစားသမားဘက်က ကြည့်ကြည့် မိုက်မဲတာပဲ။ မန်စီးတီးကို ၆ ဂိုးပြတ်တယ် အခု လီဗာပူးကို ၇ ဂိုးပြတ်တယ်။ ဒီရလဒ်ကြီးကို မရှက်ဖို့ဆိုတာက တော်တော် ခက်ခဲပါတယ် ” လို့ စိတ်ပျက် လက်ပျက် ပြောဆိုခဲ့ပါတယ်။