လီဗာပူးကို ၇-၀ ဖြင့် အရေးနိမ့်ခြင်းဟာ မန်ချက်စတာ ယူနိုက်တက်အတွက်တော့ ၁၉၃၁ ခုနှစ် ဘောက်ဆင်ဒေး နောက်ပိုင်း အကြီးမားဆုံး အမှတ်ပေး ရှုံးပွဲကို ရင်ဆိုင်ရခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ က မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန် ဒုတိယတန်းလိဂ်မှာ ဝုဗ်ကို ၇-၀ ဖြင့် အရေးနိမ့်ပြီးတဲ့နောက် ပြိုင်ပွဲစုံမှာ အခုလောက် ဂိုးပြတ် အရေးနိမ့်ခြင်းမျိုး လုံးဝ မရှိခဲ့ဖူးပါဘူး။ လီဗာပူးအတွက်လည်း သမိုင်းတစ်လျှောက် ယူနိုက်တက်ကို ဂိုးအပြတ်ဆုံး နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကလပ် သမိုင်း တစ်လျှောက်မှာ ၇-၀ ရလဒ်နဲ့ ၄ ကြိမ် အရေးနိမ့်ဖူးပြီး ၁၉၂၆ ခုနှစ်မှာ ဘလက်ဘန်း၊ ၁၉၃၀ ခုနှစ်မှာ အက်စတွန်ဗီလာတို့ကို ဂိုးပြတ် အရေးနိမ့်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် လီဗာပူးကို အရေးနိမ့်ခြင်းဟာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရှုံးပွဲတွေထဲက တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စကိုင်းစပေါ့ရဲ့ ပွဲနေ့ တင်ဆက်သူ မာတင် တောလာက ” ဒီပွဲက သမိုင်းစာအုပ်မှာ မှတ်တမ်း ဝင်သွားခဲ့ပါပြီ။ ဒီလို ဂိုးပြတ်တဲ့ပွဲ ဖြစ်လာမယ်လို့ ဘယ်သူကမှ ကြိုတင် ခန့်မှန်းခဲ့ကြမှာ မဟုတ်ပါဘူး ” လို့ အတည်ပြုသွားခဲ့တယ်။

ယူနိုက်တက်ဟာ ၆ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလားကို အဆုံးသတ်မှုအဖြစ် နယူးကာဆယ်ကို ၂-၀ ဖြင့် အနိုင်ယူပြီး ကာရာဘောင်းဖလား အနိုင်ယူခဲ့တာ ၇ ရက်ပဲ ရှိပါသေးတယ်။ အဲ့ပွဲအပြီး မဟာပြိုင်ဘက်ကို အခုလို အရှက်တကွဲ အရေးနိမ့်တာဟာ ရှက်ဖွယ်ရလဒ်အဖြစ် သရဲနီ ဂန္တဝင်တွေက ညည်းတွားခဲ့ကြတယ်။

နည်းပြတန်ဟက်ဟာ သူ့ရဲ့ နည်းပြဘဝ အဆိုးရွားဆုံး ဂိုးပြတ် အရေးနိမ့်မှုလို့ သိရတယ်။ ဂယ်ရီနဗီး ဦးဆောင်တဲ့ သရဲနီ ဂန္တဝင်တွေက “လက်သင့်ခံလို့ မရနိုင်တဲ့ ရလဒ်” အဖြစ် ဝေဖန်ခဲ့ကြကာ ဒီပွဲဟာ ယူနိုက်တက်ရဲ့ သမိုင်းမှာ အမဲစက် ထင်ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။