မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဝင်မယ်လို့ အာမခံချက် မရှိသေးဘူး လို့ လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက သတိပေးလိုက်ပါတယ်။

ပုံစံကောင်းတွေ ရနေတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေပြီး အဲဒီနေရာနဲ့ပဲ ရာသီသိမ်းဖို့ ရေပန်းစားနေတာပါ။ အာဆင်နယ်၊ မန်စီးတီးနဲ့ အတူ ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ သေချာပြီးသားလို့ ယူဆကြပေမယ့် ကာရေဂါက သတိပေးလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် နယူးကာဆယ်ကလည်း ယူနိုက်တက်နဲ့ ၃ မှတ်သာ ကွာပြီး အဆင့် ၅ နေရာ ရောက်လာသလို ကြားထဲမှာ စပါးကလည်း ၂မှတ် အကွာမှာ ရှိနေတာပါ။ လီဗာပူးနဲ့ ဘရိုက်တန် တို့ကလည်း အဆင့် ၄ အတွင်း ဝင်ဖို့ တွန်းအားပေး ကြိုးစားနေပါတယ်။

ကာရေဂါက ” နယူးကာဆယ်ရဲ့ ဖောရက်စ်ကို ကြားကုတ်ကြားခဲ အနိုင်ယူသွားတဲ့ ပွဲ ရလဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်တွေ ပို များ၊ အကြပ်ရိုက်လာစေတဲ့ လက္ခဏာပါ။

ကျနေ်ာတို့က ယူနိုက်တက်ဟာ အဆင့် ၄ အတွင်း သေချာပေါက် တစ်နေရာ ယူနိုင်မယ်လို့ အကြာကြီး ထင်ထား၊ ယုံထားခဲ့ကြတာ။ ဂယ်ရီ (နဗီးလ်) ဆိုရင် အဆင့် ၂ ထိတောင် ယူနိုက်တက်က ယူမယ်လို့ ပြောခဲ့သေးတယ်။

ဒါပေမယ့် အခုမှ top four တိုက်ပွဲထဲကို သူတို့ တကယ် ရောက်လာပုံပါ။ အထူးသဖြင့် နယူးကာဆယ်ရဲ့ နောက်ပွဲက မန်ချက်စတာ ယူနိုက်တက်နဲ့ ဖြစ်တယ်။ တော့တင်ဟမ် အတွက်လည်း နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ နှစ်သင်းလုံးနဲ့ ကစားရဖို့ ရှိနေသေးတယ်။

လီဗာပူးနဲ့ တော့တင်ဟမ်တို့ကြည့်ရတာက အနားမရသေးတဲ့ အသင်းတွေ ပုံစံ ဖြစ်နေတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့တော့ ဒါမျိုး မရှိဘူး။ နယူးကာဆယ် ခြေစွမ်းကောင်းပြီး မနိုင်တဲ့ ပွဲတွေ ကြည့်မိရင်တောင် သူတို့ကို အထင် မကြီးဘဲ မနေနိုင်အောင်ပဲ။ ဒီလိုအချိန်မှာ နိုင်ငံတကာ သီတင်းပတ် ရောက်လာတာ သူတို့အတွက် အချိန်ကောင်းကြီး လာဖျက်တယ်တောင် ပြောရမလိုပါပဲ။

ဒီရာသီ သိပ်ကောင်းနေတယ် ဆိုတာက နောက်ရာသီလည်း သူတို့ လုပ်နိုင်ဦးမယ်တော့ မဆိုလိုပါဘူး။ ချယ်ဆီးနဲ့ တော့တင်ဟမ်က နောက်ရာသီ အများကြီး ပိုတောင့်လာဦးမယ်။ ” လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။