ချယ်ဆီးအသင်း ဟာ ပေါင်၂ဘီလျံ ကုန်ကျနိုင်တဲ့ ကွင်းသစ် တစ်ကွင်း ဆောက်ဖို့ စဉ်းစားနေပြီး အဲ့ပလန်ကို အကောင်အထည် ဖော်ဖို့ဆိုရင် ၄နှစ်လောက် စတန်းဖို့ဒ်ဘရစ်ချ်နဲ့ အဝေးမှာ ကစားရမှာဖြစ်ပါတယ်။

ချယ်ဆီး ပိုင်ရှင်တွေဟာ ၁၉၀၅ ကတည်းက အိမ်ကွင်းဖြစ်ခဲ့တဲ့ စတန်းဖို့ဒ်ဘရစ်ချ် ကွင်းကြီးကို မြေလှန်ပစ်ပြီး ပရိသတ် ၆ သောင်းဝင်ဆံ့တဲ့ ကမ္ဘာ့အဆင့် ကွင်းသစ်တည်ဆောက်မယ့် အစီအစဉ်အတွက် အခက်အခဲများစွာကို ကျော်ဖြတ်ဖို့ လိုအပ်ပါတယ်။

မြေအောက်ရထားလိုင်းနဲ့ မီးရထားလမ်းတွေ၊ မြေအောက် မြစ်တစ်စင်းနဲ့ ဘေးချင်းကပ် သင်္ချိုင်းတစ်ခုဟာ အသင်းပိုင်ရှင် တော့ဒ်ဘိုးလီ ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ ဖြစ်လာမှာဖြစ်ပြီး လက်ရှိဆိုက်ထဲမှာ ဆက်ထားဖို့ဆိုရင် ကွင်းကို ၉၀ ဒီဂရီ လှည့်ပစ်ရဖွယ် ရှိလာပါတယ်။

ပစ္စည်းဖိုး ကုန်ကျစရိတ် မြင့်တက်မှု၊ ယာဉ်အသွားအလာနဲ့ ဆူညံသံ ကန့်သတ်ချက်တွေကြောင့် ကွင်းသစ် တည်ဆောက်ရေးဟာ အပြီးသတ်ဖို့ ရည်မှန်းထားတဲ့ ၂၀၃၀ အထိ စုစုပေါင်း ပေါင် ၂ ဘီလျံလောက် ကုန်ကျသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကလပ်ပိုင်ရှင်တွေဟာ ခန့်မှန်းကုန်ကျစရိတ်တွေကို များပြားလွန်းတယ်လို့ မမြင်နေပါဘူး။ သူတို့ဟာ မနှစ်က အသင်းကို ဝယ်ယူခဲ့တဲ့ ပေါင်၄.၂၅ဘီလျံထဲမှာ ပြန်လည်တည်ဆောက်ရေးနဲ့ ကစားသမား အပြောင်းအရွှေ့ စရိတ်တွေ အတွက် သက်သက်ဖယ်ထားတာကလွဲရင် ကွင်းတည်ဆောက်ရေး ဘတ်ဂျက်ကို အတိအကျ သတ်မှတ်ထားခြင်းမရှိတာ ဖြစ်ပါတယ်။

ဘိုးလီဟာ ကွင်းသစ်တည်ဆောက်နေစဉ်အတွင်း ချယ်ဆီးတို့ ယာယီအသုံးပြုမယ့် ကွင်းနေရာနဲ့ ဖူလ်ဟမ်အသင်းပိုင်ရှင်၊ အမေရိကန်ဘီလျံနာ ရှာဟစ်ခန်ကို တရားဝင်မဟုတ်တဲ့ ချဉ်းကပ်မှု လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်နိုင်ခြေတစ်ခုက လိဂ်ပွဲအများစုကို ဖူလ်ဟမ်ရဲ့ ခရာဗင်ကော့တေ့မှာ ကစားပြီး ချန်ပီယံလိဂ်ပွဲတွေနဲ့ ပရီးမီးယားလိဂ် ပွဲကြီးတချို့ကို ဝင်ဘာလေ ဒါမှမဟုတ် တွစ်ကင်ဟမ်မှာ ကစားမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ တွစ်ကင်ဟမ် ကွင်းအတွက် ရက်ဘီဘောလုံးအဖွဲ့ချုပ်ကိုလည်း ချဉ်းကပ်ခဲ့ပါတယ်။ ၎င်းတို့ဟာ ဝင်ငွေ မြှင့်တင်ပြီး နောက်ထပ် ပြင်ဆင်မွမ်းမံမှုတွေ လုပ်နိုင်ဖို့အတွက် တွစ်ကင်ဟမ်မှာ ရက်ဘီ မဟုတ်တဲ့ တခြားပွဲတွေကို တိုးချဲ့ လက်ခံကျင်းပဖို့ စိတ်အားထက်သန်နေတာပါ။