လီဗာပူး အသင်းဟာ ဂျူ့ဒ် ဘယ်လင်ဟမ်နဲ့ မေဆန်မောင့်တို့ကို ခေါ်လိုက်ရင် ပရီးမီးယားလိဂ်ဖလားကို ပြန်ပြီး စိန်ခေါ် လာနိုင်တယ် လို့ ဂန်းနားဟောင်းကြီး ပေါမာဆန်က အကြံပြုခဲ့ပါတယ်။

ဘယ်လင်ဟမ် က ကစားသမားဘဝ နောက်တဆင့်တက်ပြီး ဒေါ့မွန်ကနေ ထွက်ခွာဖို့ ရှိနေသလို မောင့်ကလဲ ချယ်ဆီးနဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ သူတို့နှစ်ယောက်လုံးကို ရရှိဖို့ အစွမ်းကုန် ကြိုးစားသင့်တယ်လို့ မာဆန်က ပြောဆိုခဲ့ပါတယ်။

“လီဗာပူးက မောင့်နဲ့ ဘယ်လင်ဟမ်ကို ခေါ်လိုက်ရင် ဖလားစိန်ခေါ်မယ့် အသင်းတစ်သင်း ဖြစ်သွားလိမ့်မယ်။ မောင့်ကို ပြိုင်ဘက် အသင်းဆီ ရောင်းပြီး ဘာလို့ သူတို့ကို အင်အားတောင့်တင်းအောင် ခွင့်ပြုပေးရမှာလဲ။ မောင့်ဟာ မနှစ်က ချယ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာပါ။

သူက ထူးချွန်တယ်။ ဒါပေမယ့် မင်းက ကလပ် အကယ်ဒမီ ထွက် ဖြစ်တော့ သူများနဲ့ မတူဘူး။ မင်းအတွက် ဘာမှ အကုန်အကျ မခံခဲ့ရလို့လေ။ ပိုက်ဆံ အများကြီးပေးပြီး ဝယ်ထားရရင်တော့ ပိုပြီး တန်ဖိုးထားခံရတယ်။ မေဆန်မောင့်ကို ရတဲ့ ဘယ် အသင်းမဆို အကြီးမားဆုံး ရလဒ်ကို ရလိုက်တာပဲ။

ဒီကောင်လေးက ကစားနိုင်တယ်။ ချယ်ဆီးက ဘာတွေလုပ်နေမှန်းမသိဘူး။ သူတို့အနေနဲ့ မောင့်တောင်းတာကိုပေးပြီး စာချုပ်သစ်ချုပ်သင့်ပါတယ်။ ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမားတွေကို မရောင်းသင့်ဘူး။

မောင့်မတိုင်ခင် ဒီချယ်ဆီးအသင်းကနေ ထွက်ဖို့လိုအပ်တဲ့ ကစားသမားတွေ အများကြီးပါ။ သူ့ကို ဝယ်ချင်တဲ့ အသင်းတွေရဲ့ တီးတိုးပြောသံကိုကြားရင် သူ့အရည်အသွေးကို မင်းနားလည်မှာပါ။ ကျွန်တော်က မောင့်ရဲ့ ပရိသတ် အကြီးစားပါ။ သူက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်တယ်။

အခုချိန်မှာ သူ့စာချုပ်အခြေအနေကြောင့် ကောင်းကောင်းမကစားရတာပါ။ အသင်းက လူတွေအများကြီးရှိနေချိန်မှာ စာချုပ်သစ်မချုပ်မယ့် ကစားသမားတစ်ယောက်ကို ဘယ် ကစားခွင့်ပေးပါ့မလဲ” လို့ မာဆန်က ဆိုပါတယ်။

လီဗာပူးဟာ သူတို့ရဲ့ အသက်အရွယ် ရလာတဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ စိတ်အားထက်သန်နေတာနဲ့အတူ ဘယ်လင်ဟမ်၊ မောင့်တို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။