ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခြေအနေက ထိထိရောက်ရောက် ပြောင်းလဲသွားတာမျိုး မရှိပါဘဲ ဒီနွေမှာ မက်ဆီကို တစ်ကျော့ပြန် ခေါ်ယူမှု မလုပ်နိုင်ဘူးလို့ လာလီဂါဥက္ကဌ ဂျာဗီယာ တီဘက်စ်က ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ မက်ဆီရဲ့ စာချုပ်ဟာ ရာသီကုန်မှာ သက်တမ်းကုန်တော့မှာဖြစ်ပြီး စာချုပ်သစ် သဘောတူညီမှု မရသေးပါဘူး။ ဒါကြောင့် မက်ဆီဟာ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာထံ ပြန်ပြောင်းလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေတာပါ။

အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ နျူးကမ့်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းနိုင်ခွင့် ရှိပေမယ့် ဘာစီလိုနာဟာ သူအတွက် များပြားတဲ့ လုပ်ခပမာဏကို ပေးချေရမှာ ဖြစ်ပါတယ်။ မက်ဆီဟာ ပဲရစ်မှာ ဒီရာသီအတွက် တစ်နှစ်စာ ယူရို ၃၄သန်း ရရှိနေတာပါ။

ဘာစီလိုနာအနေနဲ့ ကစားသမားသစ် ခေါ်ယူဖို့ ဒါမှမဟုတ် စာချုပ်သစ်တွေ ချုပ်ဖို့ဆိုရင် သူတို့ရဲ့ လစာကုန်ကျမှုကို ယူရိုသန်း ရာချီ လျှော့ချဖို့ လိုအပ်ကြောင်း တီဘက်စ်က သတိပေးထားတာပါ။

“ ဘာစီလိုနာကို လီယို ပြန်လာဖို့အတွက် အများကြီး ပြောင်းလဲသွားမှရမယ်။ ပထမဆုံးအနေနဲ သူ့လစာကို အများကြီး လျှော့ရမယ်။ ကလပ်က ကစားသမား ရောင်းထုတ်မှုတွေ လုပ်ရမယ်၊ တခြားဟာတွေလည်း လုပ်ရမယ်။

ဒါကို သူတို့ကိုယ်တိုင် လုပ်မှရမှပါ။ ကျွန်တော်တို့ကတော့ စည်းကမ်းတွေကို ပြောင်းလဲပေးမှာ မဟုတ်ပါဘူး။ နောက်ရာသီ ဘာစီလိုနာမှာရော ပီအက်စ်ဂျီမှာပါ မက်ဆီ မရှိနေနိုင်ပါဘူး။ ပီအက်စ်ဂျီဟာ ဘာစီလိုနာလောက်တောင် ဝင်ငွေမရပါဘူး ” လို့ တီဘက်စ်က ပြောကြားခဲ့တာပါ။

ဘာစီလိုနာဟာ မက်ဆီကို ပြန်ခေါ်ဖို့အတွက် ဖာတီနဲ့ ရာဖင်ညာတို့လို စီနီယာ ကစားသမားတွေကို ရောင်းထုတ်ဖို့ တံခါးဖွင့်ထားပါတယ်။ ဒါပေမယ့်လို့ ဘဏ္ဍာရေး အခြေအနေကြောင့် ဂါဘီရဲ့ စာချုပ်သစ်ကိုပါ တရားဝင် အသိအမှတ်ပြု မခံထားရတာမို့ မက်ဆီကို ခေါ်ယူရေးက အလှမ်းဝေးနေမှာ ဖြစ်ပါတယ်။