ချယ်ဆီးအသင်းဟာ သူတို့ အားထားရတဲ့ နည်းပြအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ အန်တိုနီ ဘယ်ရီကို ခေါ်ယူချင်တဲ့ အကြောင်း အများရှေ့မှာ ပြောဆိုခဲ့တဲ့ နည်းပြဟောင်း တူချယ်ကြောင့် စိတ်ပျက်နေကြောင်း သတင်း ထွက်လာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် နည်းပြသစ် ဖြစ်လာတဲ့ တူချယ်ဟာ ဘိုင်ယန်နဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ နည်းစနစ်အဖွဲ့ ဖွဲ့စည်းပုံအကြောင်းကို မေးမြန်းခံခဲ့ရပါတယ်။
တူချယ်ဟာ ထိုအင်တာဗျူးမှာ ဆယ်စုနှစ်တစ်ခုကြာ သူနဲ့ တွဲလုပ်ခဲ့တဲ့ အာနိုမစ်ချယ်၊ ဇော့လိုးတို့နဲ့အတူ ဘယ်ရီကိုပါ ခေါ်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့တာပါ။
အင်္ဂလန်ရဲ့ နာမည်ကြီး စိန့်ဂျော့ပက်ခ်မှာ သင်ယူခဲ့တဲ့ အဆင့်မြင့် နည်းပြတစ်ယောက်ဖြစ်တဲ့ ဘယ်ရီဟာ တူချယ်ရဲ့ အဓိက အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပေမယ့် လက်ရှိ ပေါ်တာရဲ့ နည်းပြအဖွဲ့ထဲ ပါဝင်နေပါတယ်။
“ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ကို မပြင်ဆင်ခဲ့ရဘူး။ ကျွန်တော်နဲ့အတူ ၁၀နှစ်ကျော် လုပ်ခဲ့တဲ့ အာနိုမစ်ချယ်နဲ့ ဇော့လိုးတို့တွေ ဒီကိုလာကြမှာပါ။ အခု ချယ်ဆီးမှာ လုပ်နေတဲ့ အန်တိုနီဘယ်ရီကိုလည်း ထပ်ခေါ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ တူချယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တူချယ်ရဲ့ ဖွင့်ဟမှုဟာ ဒီလိုကိစ္စတွေကို နောက်ကွယ်မှာသာ လုပ်သင့်တယ်လို့ ထင်နေတဲ့ ချယ်ဆီးအတွက် စိတ်တိုစရာ ဖြစ်ခဲ့ပါတယ်။
ဘယ်ရီကိုယ်တိုင်ကတော့ ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ စိတ်ဝင်စားနေပြီး ချယ်ဆီးနဲ့ စာချုပ်ရှိနေသေးတဲ့ သူ့ကို ဘိုင်ယန်မြူးနစ်က ခေါ်ယူလိုရင် လျော်ကြေးပေးရမှာ ဖြစ်ပါတယ်၊။
ချယ်ဆီး ကိုယ်တိုင်က နွေရာသီအတွင်း ကူကူရယ်လာကို ခေါ်ယူခဲ့သလို ပေါ်တာရဲ့ ဘရိုက်တန်က နည်းပြအဖွဲ့ကိုပါ ခေါ်သွားခဲ့ဖူးတဲ့အတွက် ဘိုင်ယန်မြူးနစ်က ၎င်းတို့အသင်း နည်းပြကို ကြိုးစားမယ်ဆိုရင် ခွင့်ပြုရဖို့ ရှိနေတာ ဖြစ်ပါတယ်။