အာဆင်နယ် အသင်းနဲ့ အတူ အထူး ခြေစွမ်းပြနေတဲ့ တောင်ပံ တိုက်စစ်သမား ဆာကာ ဟာ နောက် ဘောလုံးရာသီ တွေမှာ ပြသနာ တစ်ခု ကြုံလာရနိုင်တယ် လို့ ဂန်းနားဟောင်းကြီး ပေါမာဆန်က သတိပေးလိုက်ပါတယ်။

ဆာကာဟာ ဒီရာသီ လိဂ် ၂၈ ပွဲမှာ ၁၂ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးထားပြီး အာဆင်နယ် အကယ်ဒမီထွက် ၂၁နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာတောင်ပံသမားအဖြစ်တောင် ယူဆခံလာရတာ ဖြစ်ပါတယ်။

ဒီရာသီမှ သူ့ရဲ့ ခြေစွမ်းက တိုးတက်လာနေပေမယ့် သူ့ရဲ့ အောင်မြင်မှုတွေကြောင့်ပဲ ကလပ်တွေဟာ ဆာကာကို ယခင်ကထက် ပိုပြီး ဂရုစိုက် ကစားလာကြဖွယ် ရှိပါတယ်။ အဲ့လို အနေအထားတွေကို ရင်ဆိုင်ဖို့ ဆာကာဟာ သူ့ကစားပုံကို ပြောင်းလဲဖို့ လိုလာနိုင်တယ်လို့ ဂန်နားဟောင်းကြီး မာဆန်က သတိပေးခဲ့ပါတယ်။

“ သူတွေ့ရမယ့် ပြဿနာက သူကစားတဲ့ နေရာကြောင့် တချိန်ကျရင် ဂိုးပေါက်တွေ့ဖို့ ပိုပြိး ခက်ခဲလာလိမ့်မယ်။ သူက ပိုပြီးထင်ရှားတဲ့သူ ဖြစ်လာတာနဲ့အတူ အသင်းတွေက သူ့ကိုပိုပြီး သတိထား ထိန်းချုပ်တော့မှာပါ။

ပြိုင်ဘက်အသင်းတိုင်းက ဆာကာ ဘောလုံးမရအောင် တားဆီးဖို့ ကြိုးစားလိမ့်မယ်။ သူ့ကို ဆာကာကို ကစားသမား နှစ်ယောက်လောက်နဲ့ ထိန်းချုပ်ဖို့ လုပ်လာမှာပါ။ သူ့အနေနဲ့ ဒါကို ကျော်ဖြတ်ဖို့ ကစားပုံ ပြောင်းလဲရလိမ့်မယ်။ ဒါပေမယ့် သူ့မှာ ဒါကို ကိုင်တွယ်နိုင်တဲ့ ပင်ကိုယ်အရည်အသွေး ရှိပါတယ်။

သူက ဘောလုံးကစားရတာကို ကြိုက်တယ်။ ကစားနေရရင် ပြုံးနေတာပဲ။ သူက ဒီလောကထဲမှာ သူဖြစ်သလောက် အဆင့်ထိသွားဖို့ လိုအပ်တဲ့ အရာအားလုံးကို ပိုင်ဆိုင်ထားပါတယ် ” လို့ ပေါမာဆန်က သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ၂၀၀၄ နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ရဦးမယ်ဆိုရင် ၂၀၂၀မှာ အက်ဖ်အေဖလား ရခဲ့တဲ့ ဆာကာအတွက် ဒုတိယမြောက် အဓိက ဆုဖလား ဖြစ်လာမှာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ကို ပရီးမီးယားလိဂ် တစ်ရာသီ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားစေမှာ ဖြစ်ပါတယ်။