စပိန်နဲ့ ဘာစီလိုနာ နည်းပြဟောင်း အန်းနရစ်က ကာတာ ကမ္ဘာ့ဖလားပြီးတည်းက စပိန်လက်ရွေးစင် အသင်းကနေ နှုတ်ထွက် သွားခဲ့တာပါ။ သူဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပြီး အနာဂတ်မှာ ဘယ်လို အသင်းကို ကိုင်တွယ်ရမယ် ဆိုတာ စဉ်းစားနေဆဲဖြစ်ပါတယ်။
တော်တင်ဟမ် စပါးအသင်း ဟာ နည်းပြကွန်တီကို ရာထူးကနေ ထုတ်ပယ်ပြီးတဲ့နောက် နည်းပြသစ် ရှာဖွေနေပြီး ပိုချက်တီနို၊ နေဂဲလ်စမန်းနဲ့ အန်းနရစ်တို့ကို မန်နေဂျာသစ်အဖြစ် တာဝန်ယူဖို့ ချိတ်ဆက်နေပါတယ်။
စပါးအသင်း အပြင် အန်းနရစ်ကို ဒီရာသီမှာ ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် အစားထိုးဖို့ ချယ်ဆီးကလည်း စိတ်ဝင်စားနေပါတယ်။
အန်းနရစ်ကတော့ ပရီးမီးယားလိဂ်ဘက်က သူ့ကို စိတ်ဝင်စားမှုကို နားလည်ပေမယ့် စိတ်မဝင်စားတဲ့ အကြောင်း ခုလို ပြောဆိုလာပါတယ်။
” ကမ္ဘာ့ဖလား ပြီးတည်းက ကျနော် စပိန်သတင်းစာတွေ မဖတ်သလို လူမှုကွန်ယက်တွေ မသုံးပါဘူး။ အင်္ဂလိပ် သတင်းစာတွေပဲ ဖတ်ပါတယ်။ ကိုယ်နဲ့ ပတ်သက်ပြီး လူတွေ ဘာပြောနေကြလဲဆိုတာကို ဟန့်တားနိုင်တာ မဟုတ်ပါဘူး။ အရေးကြီးတာက တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်ကြိုက်တာတွေ လုပ်နေဖို့ပါ။
အင်္ဂလန်မှာ သွားပြီး အလုပ်လုပ်ရမှာကို ကျနော် သဘောကျပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာတော့ ဂျူလိုင်လမှာ ပရီးမီးယားလိဂ် မန်နေဂျာတစ်ယောက်အဖြစ် မြင်ထားခြင်း မရှိပါဘူး။ ကျနော်ကတော့ ပရီးမီးယားလိဂ် ကလပ် တစ်သင်းကိုမှ တာဝန်ယူမှာ မဟုတ်ပါဘူး။
လက်ရွေးစင် အသင်းတွေ ကျနော်ကို လာကမ်းလှမ်းပေမယ့် ကလပ်အသင်းတွေထံက ကမ်းလှမ်းမှုတွေတော့ မရပါဘူး။ လက်ရွေးစင် အသင်း တစ်သင်းသင်းကို တာဝန်ယူပြီး စပိန်ကို ပြန်ရင်ဆိုင်ရမှာက ခက်ခဲပေမယ့် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီလား ကျနော် မသိသေးပါဘူး။ ” လို့ အန်းနရစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အန်းနရစ် အနေနဲ့ အင်္ဂလန်လိဂ်ကို မပြောင်းလာရင် သူ့မှာ ရွေးချယ်စရာအဖြစ် ဂျာမနီ၊ အီတလီတို့လောက်ပဲ ကျန်ရှိမှာဖြစ်ပြီး လာလီဂါမှာတော့ သူသဘောကျလောက်တဲ့ အသင်းနည်းပါးမှာ ဖြစ်ပါတယ်။