မန်ယူ တိုက်စစ်မှုး ဗက်ဟော့စ်ဟာ နယူးကာဆယ်နဲ့ ပွဲမှာ ကွင်းထဲ ဘောလုံး ထိချက် အနည်းဆုံး အဖြစ် ၇ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါကြောင့် ဝေဖန်မှုတွေ များစွာ ခံယူနေရပေမယ့် နဗီးလ် က မတူတဲ့ အမြင် ရှိနေပါတယ်။

ဂယ်ရီ နဗီးလ်ကတော့ လက်ရှိ မန်ယူနိုက်တက် တိုက်စစ်မှုး ဗက်ဟော့စ်နဲ့ ထွက်သွားတဲ့ စီရော်နယ်ဒိုတို့ရဲ့ အချက် အလက်တွေကို နှိုှုင်းယှဉ်ပြီး ဗက်ဟောက်စ်က အသင်းအပေါ် ပို အကျိုးပြုတယ်လို့ ရှင်းပြ သွားခဲ့ပါတယ်။

ပြီးခဲ့တတဲ့ ဒီဇင်ဘာမှာ ရော်နယ်ဒို ထွက်ခွာသွားတာကြောင့် တန်ဟက်က ဇန်နဝါရီမှာ ဗက်ဟောက်စ်ကို အငှားနဲ့ ခေါ်ခဲ့တာ ဖြစ်ပြီး ဘန်လေ တိုက်စစ်မှုးဟာ လုံလောက် ကောင်းမွန်သူ မဟုတ်ဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

” ဗက်ဟောက်စ် အသင်းမှာ ပွဲထွက် ကစားခွင့် ရနေတယ် ဆိုတာက ရော်နယ်ဒို မရှိတော့လို့ပါပဲ။ ဒါပေမယ့် သူ့ရဲ့ ၁၉ ပွဲ ပွဲထွက်နဲ့ ရော်နယ်ဒို ၁၉ ပွဲကို နှိုင်းယှဉ် ကြည့်ပါ။

ဗက်ဟောက်စ်က ၁၂ ပွဲနိုင်၊ ၄ ပွဲ သရေနဲ့ ရှုံးပွဲ ၃ ပွဲသာ ရှိတယ်။ သူက ၂ဂိုးတည်း သွင်းတယ် ဆိုပေမယ့် အသင်းက ၃၇ ဂိုး ရခဲ့တယ်။ ရော်နယ်ဒို ပွဲထွက်တဲ့ ၁၉ ပွဲမှာ နိုင်ပွဲ ၃ ပွဲလျော့တယ်၊ သရေ က ၃ပွဲနဲ့ ရှုံးပွဲကကျ ၄ ပွဲ ပို ရှုံးတယ်။ သူ သွင်းတဲ့ သွင်းဂိုး ၁၁ ဂိုး ရှိတယ် ဆိုပေမယ့် အသင်းက ၂၃ ဂိုးပဲ သွင်းနိုင်တယ်။ ကြီးမားလွန်းတဲ့ ကွာဟချက်ပဲ။

ဒါက ဘောလုံးရဲ့ ထူးဆန်းတဲ့ အချက်ပဲ။ အသင်း အတွက် လုံလောက် ကောင်းမွန်မှု မရှိဘူး ဆိုတဲ့ ယူနိုက်တက် တိုက်စစ် သမားက အသင်းကို ပို အကျိုးဖြစ်နေစေတယ်။ ရော်နယ်ဒိုက ထာဝရ အကောင်းဆုံး ကစားသမား ဆိုတာတော့ ကျနော် လက်ခံပါတယ်။ ” လို့ နဗီးလ်က ဆိုခဲ့တာပါ။

ဒါဆို ဗက်ဟော့စ်က ရော်နယ်ဒို ထက် ပိုကောင်းသလား လို့ ကာရေဂါက တည့်တိုး မေးခွန်း ထုတ်ခဲ့ရာမှာတော့ နဗီးလ် တယောက် ဖြေရခက်သွားခဲ့ပြီး သူ ဆိုရင် အိုးထရက်ဖို့ဒ်မှာ ရော်နယ်ဒိုနဲ့၊ အဝေးကွင်းမှာ ဗက်ဟော့စ်နဲ့ ကစားမယ် လို့ တုန့်ပြန်သွားခဲ့ပါတယ်။