မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် အဲဗာတန်နဲ့ ပွဲမတိုင်ခင်မှာ အားရစရာ သတင်းကောင်း တစ်ရပ် ရှိလာခဲ့ပါတယ်။
အဲဒါကတော့ ကာလရှည် ဒဏ်ရာ ရထားခဲ့တဲ့ ကွင်းလယ်လူ အဲရစ်ဆန်ဟာ မန်ယူအသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ရေး ပြန် စတင် ပူးပေါင်းလာပြီ ဖြစ်ပါတယ်။ အဲရစ်ဆန် ဟာ ဇန်နဝါရီလတည်းက ခြေကျင်းဝတ် ဒဏ်ရာကြောင့် အနားယူခဲ့ရတာပါ။
အဲရစ်ဆန်က ဧပရယ်လ အကုန် ဒါမှမဟုတ် မေလ အစပိုင်းမှ ပြန်ကစားနိုင်မယ် လို့ အစောပိုင်း သတင်းတွေမှာ ဆိုထားပေမယ့် ကြိုတင် ခန့်မှန်းထားတာထက် ၃ ပတ်လောက် စောပြီး လေ့ကျင့်ရေး ပြန်ဝင်လာခဲ့တာ ဖြစ်ပါတယ်။
အဲရစ်ဆန်ရဲ့ နေရာ ရေတို ဖြေရှင်းဖို့ ဇန်နဝါရီမှာ ဘိုင်ယန်မြူးနစ်ကနေ ဆာဘစ်ဇာကို ယူနိုက်တက်တို့ ခေါ်ယူ ခဲ့ရပါသေးတယ်။ စနေနေ့ အဲဗာတန်ပွဲမှာ အဲရစ်ဆန် ပွဲထွက်လူစာရင်းက ပါဝင်မယ် မသေချာသေးပေမယ့် အရန် လူစာရင်းကနေ ပါဝင်လာဖွယ် ရှိတယ် လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း အဲရစ်ဆန်နဲ့ ပတ်သက်ပြီးလည်း နည်းပြ တန်ဟက်က ‘ သူ့ အခြေအနေကို ကျနော်တို့ တစ်ရက်ချင်း စောင့်ကြည့်ရမှာပါ။ အခုက က တိုးတက်လာနေပါတယ်။ ဒီအပတ်ထဲမှာ သူပြန်လာနိုင်မှာဖြစ်ပြီး ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ လေ့ကျင့်ရေး ဆင်းပါမယ်။
ကျနော်တို့ လေ့ကျင့်ချိန် ၂ ချိန်ရှိပါမယ်။ အဲ့တာပြီးရင် သူ့ကို လူစာရင်းထဲ ပြန်ထည့်နိုင်မလား ဆိုတာကို ကျနော်တို့ ဆုံးဖြတ်ရပါမယ် ’ လို့ ဆိုထားတာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အနီကဒ် ပွဲပယ်ထိထားတဲ့ ကာဆီမီရိုနဲ့ ဒဏ်ရာရနေတဲ့ အဲရစ်ဆန်တို့ မပါနိုင်ချိန် ကာလတွေမှာ ကွင်းလယ်ပိုင်း အတော် ရုန်းကန်နေရပြီး ရလဒ်တွေ ကျဆင်းခဲ့ပါတယ်။