လမ်းပတ် ယာယီနည်းပြ အဖြစ် ပြန် ကိုင်တွယ်တဲ့ ချယ်ဆီးအသင်းဟာ မနေ့ညက ဝုဗ်ကို အဝေးကွင်းမှာ ၁-ဝနဲ့ ရှုံးနိမ့် ခဲ့ရပါတယ်။

လမ်းပတ်ဟာ သူချယ်ဆီးမှာ နောက်ဆုံး ထုတ်သုံးခဲ့တဲ့ ပုံစံအတိုင်း ၄-၃-၃ ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဖီလစ်၊ ဟာဗက်၊ စတာလင်တို့ကို ထုတ်သုံးကာ တောင်းတင်းတဲ့ ပွဲထွက်လူစာရင်းကို ချပြခဲ့ပါတယ်။ ဒါပေမယ့်လို့ တိုက်စစ် ပိုင်းက မျှော်လင့်စရာကောင်းတဲ့ စွမ်းဆောင်ရည် မမြင်ခဲ့ရပါဘူး။

ညက ပွဲအပြီးမှာ လမ်းပတ်က ချယ်ဆီး ရင်ဆိုင်နေရတဲ့ ပြသနာတွေရဲ့ အဓိက ရင်းမြစ် ကို ခုလို ထုတ်ဖော် ပြောဆို သွားပါတယ်။

” ကျနော်တို့မှာ ဂိုးသွင်းနိုင်မယ် ဆိုတဲ့ ဖီလင်မျိုးကို မရှိတော့ဘူး ထင်တယ်။ ဒါမျိုး ကျနော် အရင်က ကြုံခဲ့ဖူးပါတယ်။ ကလပ်အသင်းလိုက် အနေနဲ့ ဒီပြသနာကို ဖြေရှင်းရမှာပါ။ လက်ရှိ အသင်း အနေအထားက ရပ်တည်သင့်တဲ့ နေရာမှာ မရှိနေဘူး၊ ဒီအတွက် ကြိုးစား အလုပ်တွေ လုပ်ရပါမယ်။ ” လို့ လမ်းပတ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

ပေါ်တာ လက်ထက်က ပြဿနာတွေ အတိုင်း ချယ်ဆီးဟာ အခွင့်အရေးကြီးတွေ ဖန်တီးနိုင်ခြင်း မရှိသလို အခွင့်အရေး မကြာခဏ ပြန်ပေးခဲ့ရပါတယ်။

ချယ်ဆီးအသင်းရဲ့ ဒီရာသီ သွင်းဂိုးက ၂၉ ဂိုးသာ ရှိနေခဲ့တာပါ။ တစ်ခုတည်းသော အကောင်းမြင်စရာက လမ်းပတ်ဟာ သူကိုင်တွယ်ရမယ့် ကစားသမားတွေရဲ့ ပုံစံတွေကို ချန်ပီယံလိဂ်ပွဲ မတိုင်ခင် ခပ်စောစော မြင်ခဲ့ရပြီး ကြားရက်မှာ နည်းနည်း ပြင်ဆင်ချိန် ရသွားမှာပဲ ဖြစ်ပါတယ်။