မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် က ကွင်းလယ်မှာ ကာဆီမီရိုနဲ့ အဲရစ်ဆင်တို့ မရှိချိန်မှာ ဗျူဟာပြောင်းလဲမှုတွေ ပြုလုပ်ဖြစ်ခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
တန်ဟက်က ဘရူနို ဖာနန်ဒက်စ်ကို ပိုပြီး အတွင်းကျတဲ့နေရာမှာ ပြောင်းလဲကစားစေခဲ့တာပါ။ ယူနိုက်တက် ကွင်းလယ်မှာ အဲရစ်ဆင်ဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ၁၀ပတ်လောက် လွဲချော်ခဲ့ရတာဖြစ်ပြီး ကာဆီမီရိုကတော့ လေးပွဲပယ်ပြစ်ဒဏ် ခံခဲ့ရပါတယ်။
နည်းပြ တန်ဟက်ဟာ ကာဆီမီရို မပါတဲ့ လေးပွဲလုံးမှာ ကွင်းလယ်လူတွေဖြစ်တဲ့ ဆာဘစ်ဇာနဲ့ တော်မီနေးတို့ကို ပွဲထွက်စေခဲ့ပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဖာနန်ဒက်စ်နဲ့ ဆာဘစ်ဇာကို နေရာလဲခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ဖာနန်ဒက်စ်က အတွင်းလူ နေရာက ဆက်လက်ကစားခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
တန်ဟက်က “ အသင်းမှာ မပါဝင်နိုင်တဲ့ ကစားသမားတွေ ရှိနေတဲ့အခါ နည်းပြတစ်ယောက်အနေနဲ့ အဖြေတွေ ရှာရမှာပါ။ ကာဆီမီရိုနဲ့ အဲရစ်ဆင်တို့ ကစားနိုင်ခဲ့တုန်းက သူတို့ကို ချန်ထားဖို့ မလိုအပ်ခဲ့ဘူး။ ဒါပေမယ် သူတို့ကို မရနိုင်တော့ ကစားကွက် ပြန်စီစဉ်ဖို့၊ တိုက်စစ်ဆင်နိုင်ဖို့အတွက် အဖြေတစ်ခု ထပ်ရှာရပါတယ်။
အဲ့ဒီမှာ ဘရူနိုကို အနောက်ပိုဆင်းခိုင်းဖို့ စိတ်ကူးကို တွေ့သွားပါတယ်။ အဲ့နေရာကနေ သူလုပ်နေတာ အဆင်ပြေတယ်။ သူ တကယ် ကောင်းကောင်း ကစားနေတယ်လို့ ထင်ပါတယ် ” လို့ ပြောဆိုလာခဲ့ပါတယ်။
အဲရစ်ဆင်ဟာ အဲဗာတန်နဲ့ပွဲမှာ ဒုတိယပိုင်း လူစားဝင် ကစားသမားအနေနဲ့ ပါဝင်ခဲ့ပြီးတော့ ကြာသပတေးနေ့ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ဆီဗီလာနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ကာဆီမီရိုနဲ့အတူ ကွင်းလယ် အတွဲအဖက်ကို ပြန်မြင်တွေ့ရနိုင်ပါတယ်။