ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေ ပြီးစီးခဲ့တဲ့နောက် ချန်ပီယံလိဂ် ဆီမီးရောက် ၄သင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီလေးသင်းထဲမှာ မန်စီးတီး vs ရီးရဲလ်မက်ဒရစ်၊ အေစီမီလန် vs အင်တာမီလန် အတွဲ တို့ ဆီမီးပွဲတွေ အဖြစ် ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။
မန်စီးတီး – ရီးရဲလ် အတွက်မှာ မနှစ်က ထိပ်တိုက်တွေ့ဖူးစဉ် အရေးနိမ့်ခဲ့မှုကို လက်စားချေဖို့ မန်စီးတီးက ကြိုးစားမှာဖြစ်ပြီး စပိန်ကလပ်ကလည်း ဒီနှစ်တွေအတွင်း အင်္ဂလန်ကလပ်တွေကို ဘယ်လို အနိုင်ယူရမလဲ ကောင်းကောင်း နားလည်ထားတာပါ။
တဖက်မှာတော့ ဆန်စီယိုမှာ မီလန်ဒါဘီ ကို မြင်ရမှာ ဖြစ်ပါတယ်။
ဒီမဲကျမှုတွေထဲမှာ မန်စီးတီးနဲ့ ရီးရဲလ်အတွဲ အနိုင်ရတဲ့ အသင်းဟာ ဖိုင်နယ်မှာ ချန်ပီယံဖြစ်မယ့် အသင်းဖြစ်လာမယ် လို့လည်း ထင်ကြေးပေးမှု မြင့်တက်နေပါတယ်။
ချန်ပီယံလိဂ် ဆီမီးရောက် ၄သင်း ထွက်ပေါ်လာပြီးနောက် ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် မန်စီးတီးက ထိပ်ဆုံးမှာ ဆက်ရှိနေပါတယ်။ ဒုတိယနေရာမှာ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်က တတိယနေရာမှာနဲ့ အေစီမီလန်က စတုတ္ထနေရာမှာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်က ပြည်တွင်းလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ထားကြလို့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် သေချာနေပါတယ်။
ဒါပေမယ့် မီလန် ၂ သင်းဟာ ပြည်တွင်းမှာ အဆင့် ၄ နဲ့ အဆင့် ၅ နေရာတွေမှာ ရပ်တည်နေတာဖြစ်ပြီး တစ်သင်းကတော့ ချန်ပီယံလိဂ် အနိုင်ရမှ လာမယ့်ရာသီ ပြိုင်ပွဲထဲ ပါဝင်နိုင်မှာဖြစ်ပါတယ်။
လက်ကျန် စီးရီးအေပွဲစဉ်တွေအရ မီလန်ဒါဘီ ဟာလည်း ပြင်းထန်တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ဖြစ်လာမယ်လို့ ယူဆနေကြ ပါတယ်။