မန်စီးတီးဟာ ဒီနေ့ည အီတီဟက်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်ကို ရင်ဆိုင်ကစားဖို့ ရှိနေပြီး စီးတီးကွင်းလယ်လူ ဒီဘရိုင်းကတော့ ဂန်းနားတွေကို ယှဉ်ဖို့ အကောင်းဆုံး နည်းလမ်းက သာမာန်ပွဲတွေနဲ့ ကွာခြားမှုမရှိတဲ့ ပြင်ဆင်မှုတွေဖြင့် ယှဉ်ပြိုင်ဖို့ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်နဲ့ ကွာဟချက်ကို ၂မှတ်အထိ လျှော့နိုင်ဖို့ ရည်မှန်းချက်နဲ့အတူ အီတီဟက်ကွင်းမှာ ဂန်းနားတွေကို ကြိုဆိုသွားမှာပါ။ ဒီပွဲကို အနိုင်ရမယ်ဆိုရင် ပက်ဂွာဒီယိုလာရဲ့အသင်းဟာ ဒီရာသီ ချန်ပီယံဖြစ်ဖို့ ရေပန်းစားမှာမို့ နှစ်သင်းလုံးက ဖိအားကိုယ်စီနဲ့ ယှဉ်ပြိုင်ရမယ် တွက်ဆထားကြပါတယ်။
ဘယ်လောက်ပဲ အရေးကြီးတဲ့ ပွဲဖြစ်ပေမယ့် စီးတီးဟာ ဒီပွဲကို တခြားပွဲတွေနဲ့ ခြားနားတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ကစားသွားမှာ မဟုတ်ဘဲ ယခင်ပွဲတွေလို စိတ်အေးအေးထားပြီး ရင်ဆိုင်ကစားဖို့ လိုအပ်တယ်လို့ ဒီဘရိုင်းက ဆိုလာခဲ့ပါတယ်။
“ တစ်ပွဲတည်းကို အရမ်း အမွှန်းတင်ပြီး တခြားပွဲတွေကိုတော့ ပုံမှန် ပွဲတစ်ပွဲလို သဘောထားတာက အဓိပ္ပါယ်မရှိဘူး။ အဲ့လိုသာဆိုရင် အတက်အကျတွေ အရမ်းများပါလိမ့်မယ်။ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ တူညီတဲ့ အဆင့်အတန်းမှာ ရှိနေဖို့ ကြိုးစားရမယ်။
အားလုံး သိတဲ့အတိုင်း ဒီလိုပွဲစဉ်က တခြားပွဲတွေထက် ပိုပြီးကြီးမားပါတယ်။ ဒါပေမယ့် ပွဲကို ချဉ်းကပ်ရေး ပြင်ဆင်မှု ကတော့ အမြဲတမ်း အတူတူပဲ ဖြစ်ရမှာပါ” လို့ ဒီဘရိုင်းက ပြောခဲ့ပါတယ်။
ဒီပွဲကို စီးတီးနိုင်ရင် မန်ချက်စတာကလပ်ဟာ ချက်ချင်းဆိုသလို ဖလားအောင်မြင်ဖို့ အခိုင်အမာ ရေပန်းစား သွားတော့ မှာပါ။ ဒီဘရိုင်းကတော့ အာဆင်နယ်ကို အနိုင်ရရင်တောင် ဘဝင်မြင့်သွားမှာ မဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။
“ သိတဲ့အတိုင်းပဲ ရာသီကုန်ထိ တစ်ပွဲချင်းစီ သွားရမှာပါ။ ပွဲအားလုံးကို အနိုင်ရဖို့ အရေးကြီးပါတယ်။ ခက်တော့ ခက်ပေမယ့် ကျွန်တော်တို့ ကြိုးစားသွားမှာပါ ” လို့ ဒီဘရိုင်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။