မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကုန်ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်မှာဖြစ်ပြီး လာမယ့် ရာသီတွေမှာ ပိုကြီးကျယ်တဲ့ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ရလိမ့်မယ်လို့ ကွင်းလယ်သမား ဘရူနိုဖာနန်ဒက်စ်က ပြောလိုက်ပါတယ်။
ယူနိုက်တက်ဟာ တစ်ပွဲလျော့ကစားထားပြီး အဆင့် ၅ နေရာက လီဗာပူးထက် တစ်မှတ်အသာရထားတာကြောင့် သူတို့ရဲ့ ထိပ်ဆုံးလေးသင်း ကံကြမ္မာက သူတို့လက်ထဲ ရှိနေပါတယ်။ ဒါပေမယ့်လို့ ထိပ်ဆုံး ၄ သင်း ဝင်နိုင်ဖို့ လုံးဝကြီး သေချာနေတာတော့ မဟုတ်ပါဘူး။
၂၀၂၀ မှာ အိုးထရက်ဖို့ဒ်ကို ပြောင်းလာပြီးကတည်းက ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တစ်ကြိမ်သာ တက်ခဲ့ဖူးတဲ့ ဖာနန်ဒက်စ်က ယူနိုက်တက်ဟာ မကြာခင်မှာ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
“ ကျွန်တော်တို့ ချန်ပီယံလိဂ် ကစားခွင့် လိုချင်တယ်။ ဒီကလပ်က ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ အဲ့နေရာကို အသင်းရဖို့ လိုပါတယ်။ ဒီကစားသမားတွေကလည်း ချန်ပီယံလိဂ်နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။
ဒီရာသီမှာ ကျွန်တော်တို့က ထိပ်ဆုံးလေးနေရာအတွက် တိုက်ပွဲဝင်နိုင်မယ်လို့ ဘယ်သူမှ မထင်ခဲ့ပါဘူး။ အဲ့ဒီလို အမြင်တွေကြားက ကောင်းကောင်းလုပ်ပြခဲ့တဲ့ အသင်းကောင်းတစ်သင်းကို ပိုင်ဆိုင်ထားလို့ပါပဲ။ ‘အိုး.. မန်ယူနိုက်တက်က ကောင်းခဲ့တာပဲ’ ဆိုပြီး အခု လူတိုင်းက ပြောနေတာ သိပါတယ်။
ရာသီအစတုန်းက ဘယ်သူကမှ ကျွန်တော်တို့အသင်းကို ထိပ်ဆုံး ၆သင်းထဲတောင် မထည့်ခဲ့ဘူး။ ဒါကြောင့် အခု အခြေအနေက ကျွန်တော်တို့အတွက် မဟုတ်ဘဲ သူတို့အတွက် အံ့ဩစရာတစ်ခု ဖြစ်နေမယ် ထင်ပါတယ်။
ကျွန်တော်တို့ကတော့ အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်တာကို သိခဲ့ပါတယ်။ လိဂ်မှာ ဒီထက်ပိုပြီးတော့တောင် မြင့်တဲ့ နေရာ ရနိုင်ခဲ့တာ သိပါတယ်။ ကျွန်တော်တို့မှာ အခိုက်အတန့်ကောင်းတွေ ရှိခဲ့တယ်။ ဒါကြောင့်ပဲ ထိပ်ဆုံးလေးနေရာ အတွက် တိုက်ပွဲဝင်နေတဲ့ အနေအထားမှာရှိနေတာပါ။
မကြာခင်မှာ ဒီကလပ်၊ ဒီကစားသမားတွေဟာ အများကြီး ပိုကြီးကျယ်တဲ့ အရာတွေအတွက် တိုက်ပွဲဝင်ရလိမ့်မယ်လို့ ထင်ပါတယ် ” ဆိုပြီး ဖာနန်ဒက်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။