ဒီည မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်မှာ ဝုဗ်ကို ဧည့်ခံကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကတော့ မာရှယ်၊ ဂနာချိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၀ နဲ့ နိုင်ပွဲရကာ အဖိုးတန် ၃မှတ်ပြည့် ပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပွဲချိန် ပထမပိုင်းမှာ သွင်းခဲ့တဲ့ မာရှယ်ရဲ့ သွင်းဂိုးမှာ အသင်းဖော် အန်တိုနီနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ပါဝင် ကူညီခဲ့ကြပြီး ထိရောက်တဲ့ တိုက်စစ်ဆင်ချက်မှာ အရေးပါကြသူတွေ အဖြစ် ပွဲအပြီးမှာ ချီးကျူးခံနေရပါတယ်။
မာရှယ်အတွက်တော့ ဒီနေ့ည သွင်းဂိုးဟာ ဒီရာသီ ၈ ဂိုးမြောက် သွင်းဂိုး ဖြစ်ပါတယ်။ ပွဲချိန် ၃၂ မိနစ်မှာ ရခဲ့တဲ့ ထိုသွင်းဂိုးအတွက် ဂိုးသမား အာရုံ ထွေပြားအောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ခပ်ကြမ်းကြမ်း ပြေးလာခဲ့သလို အန်တိုနီ ကလည်း မာရှယ်ထံ ပေးပို့ဖန်တီးပေးခဲ့တာပါ။
ယူနိုက်တက်ဟာ အဓိက တိုက်စစ်မှုး ရပ်ဖို့ဒ် မပါဘဲ ဝုဗ်ကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး တိုက်စစ်မှာ အပိုင် အခွင့်အရေး လွဲချော်မှုတွေ ရှိခဲ့ပေမယ့် မာရှယ် ဦးဆောင်ဂိုး သွင်းထားနိုင်ခဲ့တာကြောင့် အသက်ရှုချောင်ခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး ဒီယွန် ဒပ်ဘ်လင်က မာရှယ် သွင်းဂိုး အတွက် အခြား အသင်းသား ၂ဦးကို ချီးကျူးခဲ့ပါတယ်။
” အန်တိုနီ မာရှယ်က အဆုံးသတ် သိပ်ကောင်းခဲ့တယ်။ ဒါပေမယ့် ဘရူနို ဖာနန်ဒက်စ်ကလည်း နံပါတ် 10 role ကနေ သိပ် ထူးချွန်ခဲ့တာ။ ယူနိုက်တက် ဒါမျိုးတွေ ပိုလုပ်ပြဖို့လိုတယ်။ ရသမျှ အခွင့်အရေးကို အသုံးချနိုင်ရမယ်။ ” လို့ ဒပ်ဘ်လင်က ဆိုခဲ့ပါတယ်။
ဘီဘီစီမှာ အတူသုံးသပ်နေတဲ့ ချယ်ဆီး ကြယ်ပွင့်ဟောင်း ပက် နယ်ဗင်ကလည်း ” အန်တိုနီ လုပ်သွား တာလေး ကလည်း ကောင်းတယ်။ တိုက်စစ်မှုး တော်တော်များများက ဒီလို အချိန်ဆို ကိုယ်တိုင်ပဲ တက်သွင်းတော့တာ။ သူ ဆုံးဖြတ်တာ မှန်သွားတယ်။ ခုနက အပိုင်အလုံး သူ လွဲသွားလို့လည်း ဖြစ်ရင် ဖြစ်မယ်။ မာရှယ်က နည်းနည်းပဲ ဝင်ပါပေမယ့် သက်ရောက်မှု အကြီးဆုံး လုပ်ပြသွားနိုင်တယ်။ ပထမပိုင်းမှာတော့ သူက မင်းသားပဲဗျာ။ ” လို့ ထောက်ခံ ချီးကျူးခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင် နယူးကာဆယ် သရေကျထားတာကို အခွင့်ကောင်းယူနိုင်ခဲ့တာကြောင့် ကာဆယ်နဲ့ ၆၆ မှတ်တူ အမှီပြန်လိုက်ကာ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။