ဒီအပတ် လီဂူးဝမ်းပွဲဟာ ပီအက်စ်ဂျီအတွက် မက်ဆီ နောက်ဆုံးကစားပေးတဲ့ ပွဲစဉ် ဖြစ်လာမှာဖြစ်ကာ ဒီနွေမှာ အာဂျင်တီးနား ဂန္တဝင်က ပြင်သစ်ကနေ ထွက်ခွာမယ်လို့ နည်းပြဂယ်တီယာက ထုတ်ပြောခဲ့ပါတယ်။

အနာဂတ်မှာ မက်ဆီ ပြောင်းရွှေ့ကစားနိုင်တဲ့ ကလပ် ၅ သင်းကို Givemesport က အခုလို ဖော်ပြသွားပါတယ်။

ဘာစီလိုနာ

ဘာစီလိုနာဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ရှိနေတာပါ။ ဒါပေမယ့်လို့ သူတို့ဟာ ကစားသမား အများအပြားကို ထွက်ခွင့်ပေးခြင်းနဲ့အတူ ဒီနွေမှာ ပီအက်စ်ဂျီကထွက်မယ့် မက်ဆီကို ပြန်လည် ခေါ်ယူမယ် သတင်းကြီးနေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က လာလီဂါကို စွန့်ခွာခဲ့တဲ့ မက်ဆီဟာ ကက်တလန် ကလပ်ကို ပြန်နိုင်ဖို့ မျှော်လင့်နေပါတယ်။

အယ်ဟေလာ

ဘာစီလိုနာကို အတိတ်မှာပဲ ထားလိုက်ပြီး ဂန္တဝင်ပုံရိပ်နဲ့ပဲ ဆက်ရှိထားမယ်၊ အခြားသော စိန်ခေါ်မှု အသစ်တွေကို ရှာဖွေမယ်ဆိုရင်တော့ ဆော်ဒီကလပ်ဟာ မက်ဆီအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမှာပါ။ မက်ဆီ၊ ရော်နယ်ဒို အားပြိုင်မှုကို ဆော်ဒီမှာ ပြန်မြင်ရဖို့က ဘောလုံးပရိသတ်တွေရဲ့ မျှော်လင့်ချက်ဖြစ်သလို လိဂ်တာဝန်ရှိသူတွေကလည်း အဲ့လိုဖြစ်ဖို့ ကြိုးစားနေပါတယ်။

မန်စီးတီး

မန်စီးတီးဟာလည်း မက်ဆီကို ခေါ်ယူနိုင်တဲ့ ကလပ်တွေထဲက တစ်သင်းဖြစ်ပါတယ်။ အင်္ဂလန်လိဂ်ကို လွှမ်းမိုးထားတဲ့ မန်ချက်စတာကလပ်ဟာ မက်ဆီကို ခေါ်ယူနိုင်ခဲ့ရင် သူတို့ရဲ့ ဂုဏ်သိက္ခာအတွက်ကော အသင်းရဲ့ ကျော်ကြားမှုကိုပါ အများကြီး မြှင့်တင်နိုင်မယ် ဆိုတာကို နားလည်ထားပါတယ်။

အင်တာမီယာမီ

မက်ဆီကိုရဖို့ အတော်လေး ကြိုးစားထားတဲ့ မေဂျာလိဂ်ကလပ်ဟာ ဥရောပက ကျော်ကြားတဲ့ ကစားသမားတွေ အနားယူခါနီး သွားကစားလေ့ရှိတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန် ကလပ်က မက်ဆီကို ရနိုင်ဖို့ အတော်လေး ဆန္ဒရှိပါတယ်။

နူးဝယ်အိုးဘွိုင်း

ဘာစီလိုနာဟာ မက်ဆီအတွက် အမှတ်တရတွေ အများကြီးနဲ့ ကလပ်ဖြစ်ပေမယ့်လို့ နူးဝယ်အိုးဘွိုင်းကလည်း သူ့ကစားသမားဘဝအတွက် အရေးပါတဲ့ ကလပ်ဖြစ်ပါတယ်။ ဇာတိမြေကို ပြန်သွားပြီး လုပ်ခပိုင်း လျော့ယူကာ ကစားပေးတာကလည်း မက်ဆီရွေးချယ်နိုင်တာ ဖြစ်ပါတယ်