အက်ဖ်အေဖလား ဖိုင်နယ်မှာ သူ့လက်ထိဘောက တမင်ရည်ရွယ်ပြီး လုပ်ဆောင်ခြင်း မဟုတ်တာမို့ မန်ယူဘက် ပင်နယ်တီ မပေးရသင့်ကြောင်း စီးတီး ကွင်းလယ်လူ ဂရီလစ်ချ်က ထုတ်ပြောခဲ့ပါတယ်။

မန်စီးတီးက ၁ ဂိုးအသာဖြင့် ဦးဆောင်ထားစဉ် ညာခြမ်းမှာ ဘစ်ဆာကာရဲ့ ထိုးဖောက်မှုအတွင်း ဂရီလစ်ချ်က မထင်မှတ်ဘဲ လက်ထိသွားခဲ့တာပါ။

ပွဲကို ဆက်ကစားစေပေမယ့် VAR က ကွင်းလယ်ဒိုင်ကို ဆုံးဖြတ်ချက် လုပ်ဖို့ အသိပေးလိုက်တဲ့နောက် မန်ချက်စတာ ယူနိုက်တက်ကို ပင်နယ်တီ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ထို ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ်က ကန်သွင်းပြီး မန်ယူတို့ ချေပဂိုး ရသွားခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ဒုတိယပိုင်းမှာ ဂွမ်ဒိုဂန် တစ်ဂိုး ထပ်သွင်းခဲ့တာကြောင့် ပွဲ အပြီးမှာ စီးတီး က ၂-၁ နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ပွဲအပြီး ဖလားအောင်မြင်မှုအတွက် ပျော်ရွှင်နေတဲ့ ဂရီလစ်ချ်က ” မယုံနိုင်စရာပါပဲ။ ဒီဖလားကို အောင်မြင်ဖို့ ငယ်စဉ် ကလေးဘဝတည်းက အိပ်မက်မက်လာတာပါ။ ဗီလာနဲ့ အနိုင်ယူဖို့ တစ်ကြိမ် အခွင့်အရေး ရခဲ့ပေမယ့် အခုတော့ တကယ်ပဲ အောင်မြင်ခဲ့ပါပြီ။

ပင်နယ်တီကတော့ မပေးရသင့်ဘူးလို့ ထင်တာပါပဲ။ ကျနော် ဘောလုံးတောင် မြင်ခဲ့တာ မဟုတ်ဘူး။ လူက လှည့် လိုက်တဲ့ အချိန် လက်ကို လာမှန်တာပါ ဒါပေမယ့် ဂွမ်ဒိုဂန်က ကျနော်ကို ကယ်တင်ပေးခဲ့ပါတယ်။

ဒီအသင်းနဲ့ ပတ်သက်ပြီး သိပ်ကောင်းတာ တစ်ခုက ကျနော်တို့ဟာ မျှတစွာ ရောမွှေထားတဲ့ အသင်းဖြစ်နေတာပါပဲ။ ကျနော်တို့အသင်းမှာ လူတိုင်းက ယုံကြည်ချက်ရှိတယ်၊ သမ္ဘာရှိတဲ့ အသင်းသားတွေရှိတယ်၊ သင်ယူနေဆဲ လူငယ်တွေလည်း ရှိပါတယ်။

ဒီနေ့မှာ ညကောင်းလေးကို ပိုင်ဆိုင်ခဲ့ပေမယ့် နောက်အပတ် ပွဲကြီးအတွက် တနင်္ဂနွေနဲ့ တနင်္လာနေ့တွမှာ လေ့ကျင့်ရေး ချက်ခြင်း ပြန်ဝင်မှာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။