မန်စီးတီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝင်ဘာလေမှာ ၂-၁ နဲ့ အနိုင်ကန်ပြီး အက်ဖ်အေဖလား ဗိုလ်စွဲခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ၂ လုံးရပြီး ဖြစ်ကာ တတိယမြောက် ဆု ဖလား အဖြစ် ချန်ပီယံလိဂ် ကို အရယူဖို့ ပစ်မှတ်ထားနေပါပြီ။

တစ်ရာသီတည်း ဆုဖလားကြီး ၃ လုံး အောင်မြင်ဖို့ ဆိုတာ လွယ်ကူတဲ့ လမ်းကြောင်း၊ အခွင့်အရေး မဟုတ်ကြောင်း ပက် ဂွာဒီယိုလာ အပြင် မန်စီးတီး အသင်းသားတွေ အားလုံး နားလည်ထားပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အားကုန် ထုတ်ဖို့ အားခဲထားပြီ ဖြစ်ပါတယ်။

မန်စီးတီး ကစားသမားဟောင်းကြီး ဖြစ်တဲ့ မီကာ ရစ်ချက်ကတော့ စီးတီးရဲ့ ချန်ပီယံလိဂ် ပြိုင်ဘက် အင်တာမီလန် ဟာ လွယ်ကူမှာ မဟုတ်ဘူးလို့ သတိပေးစကား ဆိုသွားခဲ့ပါတယ်။

” စီးတီးက ဒီနေ့ပွဲမှာ သိပ် အကောင်းကြီး မဟုတ်ဘူး။ ဒါပေမယ့် သူတို့ အလုပ် သူတို့ ပြီးအောင် လုပ်သွားနိုင်တယ်။ အင်တာမီလန်နဲ့ ရင်ဆိုင်ဖို့ ဆိုရင် စီးတီး သတိကြီးကြီး ထားမှ ရမှာပါ။

အီတလီအသင်းတွေက ခံစစ် ကစားတာ ဘယ်လောက် ကောင်းလဲ ကျနော်တို့ သိတာပဲ။ သူတို့က နောက်အပတ်မှာ မန်ချက်စတာ စီးတီးကို အခက်တွေ့အောင် သေချာပေါက် လုပ်ပါလိမ့်မယ်။ ” လို့ မီကာရစ်ချက်က သုံးသပ် သတိပေးခဲ့တာ ဖြစ်ပါတယ်။

မီကာရစ်ချက်ဟာ မန်စီးတီးနဲ့ မန်ယူတို့ ကန်မယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ မတိုင်ခင်ကလည်း မန်စီးတီး ၂-၁ နဲ့ နိုင်မယ်လို့ ကြိုတင် ဟောကိန်းထုတ်ခဲ့သေးပြီး ကွက်တိ မှန်ကန်ခဲ့ပါတယ်။