လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ အက်ဖ်အေဖလား ဖိုင်နယ် ရှုံးပွဲကြောင့် အထိနာနေတဲ့ မန်ယူ ပရိသတ်တွေရဲ့ ဒဏ်ရာကို ဆားနဲ့ ပက်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို အရေးနိမ့်ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ ရယ်စရာ ကောင်းတဲ့ အချက်ကို ဝါရင့် အာဆင်နယ် ပရိသတ် တစ်ဦးက ဆွခဲ့ပြီး ကာရေဂါက ဝင်ရောက် မီးပင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ် တစ်ယောက် တွစ်တာမှာ ” ဘာလို့ မန်ယူနိုက်တက် ပရိသတ်တွေက စိတ်ပျက်ဒေါကန် နေကြတာလဲ ? သူတို့ပဲ တစ်ရာသီလုံး မန်စီးတီးကိုချည်း အားပေးလာကြတာလေ။ ” လို့ စတင် ရေးသားခဲ့တာပါ။

ထို ပို့စ်ကို ကာရေဂါက ” ပြီးခဲ့တဲ့ ၅ ရာသီလုံး သူတို့ အားပေးခဲ့ကြတာကွ။ ” လို့ ဝင်ပြောခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ မန်စီးတီးနဲ့ လီဗာပူးအသင်း အပြိုင်အဆိုင် ကြိုးစားခဲ့ကြတဲ့ ယခင် ရာသီတွေမှာ မန်ယူနိုက်တက် ပရိသတ်တွေက သူတို့ရဲ့ အင်္ဂလန်မှာ အအောင်မြင်ဆုံး ဆုဖလား အများဆုံး ဂုဏ်ပုဒ်ကို မထိခိုက်စေလိုတာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ဖို့ချည်း အားပေးခဲ့ကြတာပါ။

ကာရေဂါက ထို အချက်ကို ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတကြိမ် မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ပြီး ယူနိုက်တက် ဖလား လုချိန်မှာ စီးတီး အနိုင်ရသွားတော့ သရဲနီ ပရိသတ်တွေ မကျေမနပ် ဖြစ်ခဲ့ရပါတယ်။