မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ တိုက်စစ်မှူး၊ ကွင်းလယ်လူ နေရာတွေကို ခေါ်ယူဖို့ ပစ်မှတ် ထားနေပေမယ့် မျှော်လင့်ထားသလို သွက်သွက်လက်လက် လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။

မန်ချက်စတာကလပ်ဟာ ရှေ့ဆက်ဖို့အတွက် ဘေးကြပ် နံကြပ် အနေအထားမျိုးမှာ ထူးထူးခြားခြား ပိတ်မိနေတယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။ ယူနိုက်တက် ခက်ခဲနေတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး သတင်းထောက် ရိုမန်နို က အခုလို ဖော်ထုတ်လာပါတယ်။

” ဂိုးသမားတွေနဲ့ ပတ်သတ်ပြီး ယူနိုက်တက်က ထူးထူးဆန်းဆန်း ရှေ့တိုးမရ နောက်ဆုတ်မရ ပိတ်မိနေတာပါ။ ဒီဂီယာ နဲ့လည်း သူတို့ ဘေးကြပ်နံကြပ် ဖြစ်နေတယ်။

စာချုပ်သစ် အတွက် သူတို့ သဘောတူညီမှု ရခဲ့တာ မတ်လတည်းကပါ၊ ဒါပေမယ့် အခုထိ စာချုပ်သစ် လက်မှတ် မထိုးသေးဘူး။ ဒီတော့ ဒီဂီယာက အလွတ်နဲ့ ထွက်သွားဖို့ ပိုနီးလာနေတယ်။ ပြဿနာက ကလပ်ဘက်မှာ ပိုရှိနေတာပါ။ ဒီဂီယာကတော့ စာချုပ်သစ် လာရင် လက်မှတ်ထိုးဖို့ အသင့်ပါပဲ၊ ယူနိုက်တက် ဘက်က ပေးလာမှာကို စောင့်နေတာပါ။

ကလပ်ဘက်မှာက ဒီဂီယာ ကို ထိန်းထားဖို့ လမ်း ရှိသလို ဂိုးသမားသစ် ခေါ်ဖို့ လမ်းကလည်း ရှိနေတယ်။ ဒီဂီယာ နဲ့ ပြိုင်နိုင်မယ့်သူ ခေါ်မှာလား နံပါတ် တစ် ပွဲထွက် ဂိုးသမား ခေါ်မှာလား ရွေးဖို့ ခက်နေတယ်။

အိုနာနာနဲ့လည်း အခုထိ ရေရာတဲ့ ဆွေးနွေးမှု မရှိဘူး။ ဒါပေမယ့် ယူနိုက်တက် ဘက်က စာချုပ်ပါ အချက် အလက်တွေကို စုံစမ်း လေ့လာထားပါတယ်။ အင်တာရဲ့ ဆိုဈေးက ယူရို သန်း ၆ဝ လောက် ရှိမယ်။ နောက်ထပ် ပစ်မှတ်က ယူရို ၇၅ သန်း တန်ကြေးရှိတဲ့ ဒီယိုဂို ကော်စတာပါ။ ” လို့ ရိုမန်နိုက သုံးသပ် ပြခဲ့တာ ဖြစ်ပါတယ်။

အဓိက ဂိုးသမား ဒီဂီယာက လစာ လျှော့ယူပြီး သက်တမ်းတိုး စာချုပ်သစ် ချုပ်ဖို့ မီးစိမ်းပြထားပေမယ့် ယူနိုက်တက် ဘက်က အခုထိ စာချုပ် မချုပ်သေးတာပါ။ လက်ရှိ စာချုပ်၊ လစာအတိုင်း တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေပေမယ့် ဒါကိုလည်း ယူနိုက်တက်က အသက်သွင်းခြင်း မရှိသေးတာ ဖြစ်ပါတယ်။