နိုင်ငံတကာသီတင်းပတ် မတိုင်ခင်က ဖူလ်ဟမ်နဲ့ ပွဲမှာ မန်စီးတီးရဲ့ ဒုတိယ သွင်းဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဒိုင်လူကြီး အချို့ ဒီအပတ် ပွဲစဉ်တွေကနေ အနားပေး ခံခဲ့ရပါတယ်။

ပက် ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းက အိမ်ကွင်းမှာ ဖူလ်ဟမ်ကို ၂-၁ ဖြင့် ဦးဆောင်နိုင်စေမယ့် အကီရဲ့ ထောင့်ကန်ဘော သွင်းဂိုးဟာ ဂိုးသမား လီနိုရဲ့ အရှေ့မှာ လူကျွံ အနေအထားဖြင့် ရပ်နေတဲ့ အခန်ဂျီကို ကျော်ဖြတ်သွားခဲ့တာပါ။

VAR ဒိုင်တွေဖြစ်တဲ့ Tony Harrington နဲ့ လက်ထောက် VAR ဒိုင် Adam Nunn တို့က အဆိုပါ ဖြစ်ရပ်မှာ ဂိုးပေးရမယ်လို့ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာကို လမ်းညွှန်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ ဒိုင်ချုပ် ဟောင်းဝတ်ဝပ်က ဆုံးဖြတ်ချက် မှားယွင်းမှုလို့ ဝန်ခံခဲ့ပါတယ်။

ပွဲအပြီးမှာ ဖူလ်ဟမ်နည်းပြ ဆေးဗားကတော့ “ ဘောလုံးအကြောင်း နားလည်တဲ့သူတိုင်း၊ ဘောလုံးကစားသူတိုင်း၊ ဘောလုံး အသိဉာဏ် ရှိသူတိုင်းက ဒီဂိုးကို ခွင့်မပြုရဘူးဆိုတာ ၁၀၀% သိကြပါတယ်။ စည်းကြပ်ဒိုင်အတွက် ဆုံးဖြတ်ရခက်ခဲပေမယ့် VAR က ဒါကို ဂိုးပေးလိုက်တာ မယုံနိုင်စရာပါပဲ။

အခန်ဂျီက ဘောလုံးလာတဲ့ လိုင်းမှာ ရှိနေတာပါ။ သူက ဘောလုံး ဘောလုံးကို ခုန်ရှောင်ခဲ့ပြီး ဘောလုံးက သူ့တည့်တည့်က လာတာပါ။ ဒါဟာ ဂိုးသမားနဲ့ သွင်းဂိုးအပေါ် သက်ရောက်မှု ရှိပါတယ်။ အဲ့တာကို ဂိုးပေးလိုက်တာက မယုံနိုင်စရာပါပဲ ” လို့ စိတ်ပျက်စွာ ဝေဖန်ခဲ့သေးတာ ဖြစ်ပါတယ်။

ထိုပွဲအပြီးမှာတော့ မန်စီးတီးဟာ ဖူလ်ဟမ်ကို ၅-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အကီ ရဲ့ ထို သွင်းဂိုးက အရေးပါခဲ့ပြီး ဖူလ်ဟမ် တို့ကို ကျဆင်းသွားစေခဲ့တာပါ။