မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ဘန်လေကို နိုင်တဲ့ ပွဲမှာ တောက်ပသွားခဲ့တာကတော့ ဝါရင့် နောက်ခံလူကြီး ဂျွန်နီ အီဗန်စ် ဖြစ်ပါတယ်။

ယူနိုက်တက် ခံစစ်တန်းမှာ ဒဏ်ရာရသူတွေ များနေတာကြောင့် မနေ့ညက ပွဲမှာ အီဗန်စ် ဝင်ကစားခွင့် ရခဲ့တာ ဖြစ်ပြီး ဝါရင့် ကစားသမား ပီပီ ခံစစ်တန်းမှာ ဦးဆောင်ပိတ်ဆို့ ကာကွယ်သွားသလို ယူနိုက်တက်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးအတွက်လည်း ဖာနန်ဒက်စ်ဆီ ဖန်တီးပေးပို့ခဲ့ပါတယ်။

အီဗန်စ်ကလည်း ပွဲအပြီးမှာ ဒီပွဲက သူ့အတွက် ယူနိုက်တက်နဲ့ ပွဲ ၂ဝဝ မြောက် ဖြစ်ပြီး ဘဝမှာ အကောင်းဆုံး ပွဲ တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဝန်ခံစကားဆိုခဲ့ပါတယ်။

အီဗန်စ်ရဲ့ အသင်းဖော်ဟောင်းကြီး ဖြစ်တဲ့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်ကလည်း ဒီပွဲမှာ အီဗန်စ် ထူးချွန်လွန်းခဲ့တယ် လို့ ချီးကျူးလိုက်ပါတယ်။

” ဒီပွဲမှာ ဂျွန်နီအီဗန်စ် က ခံစစ်တန်းမှာ လုံးဝ ထူးချွန်ခဲ့တယ် လို့ ကျွန်တော် ထင်တယ်။ သူ့ နောက်တန်းကို လုံးဝ စေးစေးပိုင်ပိုင် ကိုင်ထားခဲ့တယ်။ သူ့ရဲ့ အတွေ့အကြုံနဲ့ ဦးဆောင်နိုင်စွမ်းကိုလည်း ပြသွားခဲ့တယ်။

ရသွားတဲ့ ဂိုးမှာလည်း သူ ပါဝင်ခဲ့တယ်။ ဖာနန်ဒက်စ် ဆီကလည်း အသင်းခေါင်းဆောင် ပီသမှုတွေ မြင်ခဲ့ရတယ်။ ဒါတွေက ဒီနေ့ပွဲမှာ ကြည်နူးစရာပဲ။

ဒီ အနိုင်ရလဒ်က ယူနိုက်တက် အတွက် ကြီးမားတဲ့ ရလဒ်ပါ။ ပွဲကြေညာ အစီအစဉ် တင်ဆက်သူတွေက ယူနိုက်တက် ကို ဆိုရင် မကောင်းတဲ့ဘက်ကနေ ပြောကြတာ များတယ်။ ခင်ဗျားတို့ ဒါမျိုးတွေ ရပ်တန့်သင့်ပါပြီ။ ” လို့ ဖာဒီနန်က ပြောဆို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။