ကာရာဘောင်း ဖလား ပြိုင်ပွဲ တတိယအဆင့် ပွဲစဉ်တွေ အပြီးမှာတော့ နောက်တစ်ဆင့် တက်ရောက်သွားတဲ့ အသင်းတွေ ထွက်ပေါ်လာခဲ့သလို မဲခွဲရလဒ်တွေလည်း ထွက်ပေါ်လာပါပြီ။

မနေ့ညက ပွဲတွေမှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ နိုင်ပွဲရခဲ့ပေမယ့် နာမည်ကြီး မန်စီးတီးတို့ ဒီအဆင့်မှာတင် ပြုတ်သွားခဲ့ပါတယ်။

မနှစ်ကရာသီ ဖလား ၃ လုံး အောင်မြင်ခဲ့တဲ့ မန်စီးတီးတို့ ရာသီစမှာတင် နယူးကာဆယ် အသင်းကို ၁-ဝ နဲ့ ရှုံးကာ ကာရာဘောင်းက ထွက်ခဲ့ရတာဖြစ်ပေမယ့် ဂွာဒီယိုလာကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံ ပြေးလမ်းအတွက်ပဲ ပိုမို အာရုံစိုက်နေမှာပါ။

ဒီရာသီ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးကတော့ အစဉ်အလာ မပြတ်ဘဲ တစ်ဂိုးအရင်ပေးပြီး ပွဲအပြီးမှာ ၃-၁ ဖြင့် လက်စတာ အသင်းကို အနိုင်ရသွားပါတယ်။

လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ဟာ ၁-၀ ရလဒ်တွေဖြင့် အခြားသော လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ဘရန့်ဖိုဒ့်နဲ့ ဘရိုက်တန်တို့ကို အနိုင်ယူခဲ့ပါတယ်။

တတိယအဆင့် ပွဲစဉ်မှားအပြီးမှာ ကာရာဘောင်း ၁၆ သင်းအဆင့် မဲခွဲရလဒ်တွေကလည်း အခုလို ထွက်ပေါ်လာပါတယ်။

  • Mansfield v Port Vale
  • Ipswich v Fulham
  • Man Utd v Newcastle
  • Bournemouth v Liverpool
  • Chelsea v Blackburn
  • West Ham v Arsenal
  • Everton v Burnley
  • Exeter v Middlesbrough

ယူနိုက်တက်ကတော့ စီးတီးကို အနိုင်ယူလာတဲ့ နယူးကာဆယ်အသင်းနဲ့တွေ့မှာ ဖြစ်လို့ လွယ်ကူမှာ မဟုတ်ပေမယ့် အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း လန်ဒန်ပြိုင်ဘက်က ဝက်စ်ဟမ်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရတော့မှာပါ။