မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းပြနေပြီ ဖြစ်တဲ့ ကွင်းလယ်လူသစ် အမရာဘတ် ကို လီဗာပူးအသင်းက မခေါ်ခဲ့တာလား၊ မရခဲ့တာလားလို့ ဒီတလောမှာ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေဈေးကွက်မှာ ကွင်းလယ်လူ အများအပြားဖြင့် အပြောင်းအရွှေ့ ချိတ်ဆက်မှု လုပ်ခဲ့ပေမယ့် အမရာဘတ်တော့ မပါခဲ့ပါဘူးလို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ကိုင်ဆီဒို၊ လာဗီယာ တို့ကို မခေါ်ယူနိုင်တဲ့နောက် အမရာဘတ်ကို ခေါ်ယူဖို့ ဝင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကစားသမားက ယူနိုက်တက်ကို ရွေးချယ်ခဲ့တာမို့ ဘိုင်ယန်မြူးနစ်ရဲ့ ဂရာဗင်ဘက်ချ်ကို ပြောင်းလဲ ချိတ်ဆက်ခဲ့တာလို့ အင်္ဂလန်သတင်းတွေက ဖော်ပြခဲ့တာပါ။
ဒါပေမယ့် သတင်းထောက် ရိုမန်နိုကတော့ အဆိုပါ ဖော်ပြချက်တွေကို ငြင်းဆန်ပြီး လီဗာပူးဘက်က အခြား ပစ်မှတ်တွေကို ချိန်ရွယ်ခဲ့တာဖြစ်ကာ အမရာဘတ်ကို ခေါ်ယူဖို့ အားထုတ်ခဲ့တာမျိုး မရှိပါဘူးလို့ ပြောပြလာခဲ့ပါတယ်။
“ လီဗာပူးက အမရာဘတ်ကို ခေါ်ယူဖို့ အရမ်းကို နီးစပ်ခဲ့တယ်ဆိုတာ ဟုတ်သလားလို့ ကျနော်ကို လာ လာ မေးနေကြပါတယ်။
မေးမြန်းမှု အနည်းငယ် ရှိခဲ့တာကလွဲလို့ မပိုပါဘူး။ လီဗာပူးက အမရာဘတ်အတွက် ညိနှိုင်း စကားပြောမှုတောင် မရှိခဲ့ဘူး။ သူတို့မှာ သီခြား ပစ်မှတ်တွေ ရှိခဲ့ပါတယ်။ လီဗာပူးက ကွင်းလယ်အတွက် ဝါတာရု အန်ဒိုကိုပဲ ဦးစားပေးခဲ့တာပါ ” လို့ ရိုမန်နိုက ပြောပြပါတယ်။
လီဗာပူးရဲ့ ရာသီကြို ပြင်ဆင်မှုတွေဟာ အတော်လေး ရှုပ်ထွေးခဲ့ပြီး ပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ရတဲ့ သီတင်းပတ် အချို့ဖြစ်ခဲ့တာပါ။ ဒါပေမယ့် မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်းတို့အပြင် အန်ဒို၊ ဂရာဗင်ဘက်ချ်တို့ကို ခေါ်ယူခြင်းနဲ့အတူ ယာဂင်ကလော့ပ်ရဲ့ ပြန်လည် တည်ဆောက်မှုက စတင်လာခဲ့တာ ဖြစ်ပါတယ်။