ကြာသပတေးနေ့ နံနက် အစောပိုင်းက ကာရာဘောင်းဖလား ပြိုင်ပွဲ စတုတ္ထအဆင့် မဲခွဲရလဒ်တွေ ထွက်ပေါ်လာခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ပြိုင်ဘက် အဖြစ် နယူးကာဆယ်အသင်းနဲ့ တွေ့နေပြီး အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင်ဖို့ မဲခွဲရလဒ် ထွက်ခဲ့ပါတယ်။

ဒါဟာ ယူနိုက်တက်တို့ ပြည်တွင်း ဖလားပွဲတွေမှာ ၁၂ ကြိမ် ဆက်တိုက် အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ဖို့ မဲကျခဲ့ခြင်း ဖြစ်ကာ ဗြိတိန် ဘောလုံးလောကအတွက် စံချိန်သစ်လည်း ဖြစ်ပါတယ်။

ဒါဟာ အပုံ ၄ဝ၉၄ ပုံမှာ ၁ ပုံသာ ဖြစ်နိုင်ခြေ ရှိတဲ့ အံ့ဩစရာ ထူးခြားဖြစ်ရပ်လည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေနဲ့ ကာရာဘောင်းလို ပြည်တွင်း ဖလားပွဲတွေကို ၂၀၂၁ ခုနှစ် မေလနောက်ပိုင်း ၁၂ ပွဲ ဆက်တိုက် အိမ်ကွင်းမှာပဲ ယှဉ်ပြိုင်ခဲ့ရတယ်။

ယူနိုက်တက်တို့ ဖလားပွဲစဉ် တစ်ခုကို အဝေးကွင်း နောက်ဆုံး သွားကစားခဲ့တာက ၂၀၂၁ မတ်လတုန်းကဖြစ်ကာ လက်စတာအသင်းကို ၃-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက် မတိုင်ခင် ကံ အကောင်းဆုံးအသင်းက လိဂ်ဝမ်း ကလပ် Shrewsbury Town အသင်းဖြစ်ကာ ၂၀၁၇ ကနေ ၂၀၁၉ အတွင်း ပြည်တွင်းဖလားပွဲ ၁၁ ပွဲ ဆက်တိုက်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိနည်းပြဖြစ်တဲ့ တန်ဟက်နဲ့အတူ မနှစ်ကရာသီမှာ ကာရာဘောင်းဖလား ချန်ပီယံ အဖြစ် အောင်မြင်ခဲ့ကာ ဒီရာသီမှာ ချန်ပီယံနေရာကို ဆက်ထိန်းနိုင်ရေး ဆက်လက် အားထုတ်သွားရမှာ ဖြစ်ပါတယ်။