မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းက သူ့ကို မန်စီးတီး ကြယ်ပွင့် ဟာလန်းနဲ့ ဆင်တူတဲ့ ကစားသမားအဖြစ် နှိုင်းယှဉ် ပြောဆိုနေကြတဲ့ အပေါ်သဘောမကျဘဲ တုန့်ပြန်မှု လုပ်လာပါတယ်။

ဒီနှစ်နွေမှ အတ္တလန်တာကနေ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းလာတဲ့ လူငယ် တိုက်စစ်မှူးဟာ ကြံ့ခိုင်မှု ကောင်းမွန် လာခြင်းကြောင့် ပုံမှန် ပွဲထွက်ခွင့် စတင်ရရှိနေပြီ ဖြစ်ပါတယ်။

ဟွိုင်လန်း က ဟာလန်းနဲ့ ခုလို နှိုင်းယှဉ် ပြောတာ သဘောမကျပေမယ့် သူလည်း ပရီးမီးယားလိဂ်မှာ ဟာလန်းလို အဆင့် ရောက်လိုကြောင်း ဝန်ခံခဲ့ပါတယ်။

ဟွိုင်လန်းက “ တစ်ရက်မှာတော့ သူ့လို အဆင့်အတန်းကို ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ အခုချိန်မှာတော့ အရမ်း စောလွန်းနေပါတယ်။ ဟာလန်းက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

ကျနော် ကိုယ့်ဘာသာ ဟာလန်နဲ့ နှိုင်းယှဉ်တာတွေ မလုပ်လိုပါဘူး။ တစ်ရက်မှာ သူ့လို ဖြစ်လာနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ မဖြစ်လာနိုင်ဘူး ဘယ်သူ ပြောနိုင်မှာလဲ? ကျနော် အခုမှ အသက် ၂၀ ပဲ ရှိပါသေးတယ်။

ဟာလန်းက ထိပ်တန်း ကစားသမားပါ။ ဒီနှစ်တွေအတွင်း သူ အရမ်းကောင်းတယ်။ ကျနော်တို့နဲ့ ရင်ဆိုင်ရရင် သူ ရပ်တန့်ခံရမှာပါ။ သူ့ထံ ကနေ သင်ယူနိုင်ဖို့ ကြိုးစားနေပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဟွိုင်လန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၅ ပွဲမှာ ဂိုးမရသေးပေမယ့် ချန်ပီယံလိဂ်မှာ ၂ ပွဲကစား ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။