မနက်ဖြန် စနေနေ့ ရင်ဆိုင်ကစားမယ့် ချယ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ စတမ်းဖိုဒ့်ဘရစ်ချ် မှာ ကစားမယ့် လန်ဒန် ဒါဘီ ပွဲစဉ်မှာ နည်းပြ ပိုချက်တီနိုရဲ့ အသင်းဟာ အားသာချက် အချို့ ရှိနေတယ်လို့ ဂန်းနားဟောင်းကြီး ပေါမာဆန်က သုံးသပ်လာပါတယ်။

နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ အထိုင်ကျနေပြီ ဖြစ်ပေမယ့် ချယ်ဆီးကတော့ နည်းပြသစ် ကစားသမားသစ်တွေနဲ့ မှန်းရခက်တဲ့ အသင်း ဖြစ်နေပြီး ဒါက အားသာချက် ဖြစ်သွားမယ် လို့ ပေါမာဆန်က စိုးရိမ်နေပါတယ်။

‘ ဒီအပတ် စတမ်းဖိုဒ့်ဘရစ်ကိုသွားပြီး အာဆင်နယ်တို့ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ရတာက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ချယ်ဆီး အကောင်းဆုံး ပုံစံမှာ ရှိနေရင် သူတို့က ဒီလိဂ်က အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်းရှိလို့ သူတို့နဲ့ ဘယ်အသင်းမှ ထိပ်တိုက် မယှဉ်ပြိုင်ချင်ပါဘူး။

ချယ်ဆီးရဲ့ အားသာချက် တစ်ခုကတော့ အသင်းတိုင်းက အာဆင်နယ် ဘယ်လို ကစားမယ်ဆိုတာ သိပေမယ့် ချယ်ဆီး ဘယ်လို ကစားမယ်ဆိုတာ ခန့်မှန်းလို့ မရတာပါ။

ဒီပွဲကို ချယ်ဆီးတို့ ကျော်ဖြတ်နိုင်ပြီး အမှတ်ရမယ်ဆိုရင် သူတို့လည်း အခွင့်အရေး ရှိလာမှာပါ။ အာဆင်နယ် အတွက်လည်း ပွဲကြီးပွဲကောင်းပါပဲ။ ဒီပွဲကို အာဆင်နယ် နိုင်လိုက်ရင် ဒီရာသီ သူတို့ အဓိက ဆုဖလားတွေကို မျှော်လင့်လို့ ရသွားပါလိမ့်မယ်။ ’ လို့ ပေါမာဆန်က သုံးသပ်စကား ဆို သွားပါတယ်။

ဒီနှစ်သင်းကြား ရမှတ် ၉ မှတ် ကွာဟနေတာဖြစ်ကာ ၂၀၁၈ တည်းက ချယ်ဆီးဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်မရထားပါဘူး။ ဒီပွဲရလဒ်ဟာ ချယ်ဆီးတို့ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုထဲ ဝင်လာမလား အာဆင်နယ်ကပဲ ရှေ့ပို တိုးရောက်သွားမလား အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။