အာဆင်နယ် တိုက်စစ်မှုးဟောင်း ဖြစ်တဲ့ ဂန္တဝင်ကြီး သီယာရီ အွန်နရီကတော့ လက်ရှိ အာဆင်နယ် အသင်းမှာ သူ တွဲကစားလိုတဲ့ ကစားသမား တစ်ဦး အကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အွန်နရီ ညွှန်းခဲ့သူကတော့ ဂျေးဆု ဖြစ်ပြီး ဘရာဇီးသားနဲ့ ဆိုရင် ကစားသမားတိုင်းက တွဲကစားချင်ကြမှာ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို ကစားသမား ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။

ဂျေးဆုဟာ လက်ရှိ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး အထောင်တိုက်စစ်မှူး ဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းနှုန်း အပေါ်မှာတော့ ဝေဖန်ခံရမှု အချို့ ရှိထားတာပါ။ အဲ့တာကလွဲရင် အသင်းအတွက် ပေးဆပ်နိုင်စွမ်းမှာ သံသယ မရှိကြပါဘူး။

အွန်နရီက “ ရိုးရိုးသားသားပဲ ပြောပါမယ်။ ကျနော်တော့ ဂျေးဆုနဲ့ တွဲကစားချင်မိတယ်။ သူနဲ့ တွဲ ကစားရမှာကို သဘောကျပါတယ်။ သူနဲ့ အတူ တွဲဖက် ကစားဖူးတဲ့ လူတိုင်းကလည်း ဒီလိုမျိုးတွေပဲ ဖြေပေးမယ်လို့ ကျနော် ထင်ပါတယ်။

သူက တစ်ရာသီ သွင်းဂိုး ၂၅-၃၀ ဂိုးလောက် ရနိုင်မလားတော့ ကျနော် မသိပါဘူး။ သူက တိုက်စစ်အမားအဖြစ် အားလုံးမှာ ကောင်းမွန်တဲ့ ကစားသမားဖြစ်ပါတယ်။

သွင်းဂိုးတွေနဲ့ ပတ်သက်လာရင် အကောင်းဆုံးတော့ မဟုတ်ပေမယ့် သူ့ထံက ဘာတွေကို မျှော်လင့်နိုင်မယ်ဆိုတာနဲ့ အသင်းအတွက် ပွဲအစ ပွဲအဆုံး ပေးဆပ် ကစားမယ့်သူ ဆိုတာကို ကျနော်တို့ သိပါတယ် ” လို့ ဖြေဆိုခဲ့တယ်။

တိုက်စစ်မှုး ဂျေးဆုဟာ ဒီအပတ် ကြားရက်က ဆီးဗီးလာနဲ့ ချန်ပီယံလိဂ် ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။