အဲဗာတန် အသင်း ပရီးမီးယားလိဂ်မှာ ၁၀ မှတ်လျော့ ပြစ်ဒဏ်ချမှတ် ခံလိုက်ရခြင်းဟာ အခြားသော ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ ပြင်းထန်တဲ့ အပြစ်ပေးမှု ရသွားနိုင်ခြင်းရဲ့ ရှေ့ပြေးဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းဌာနက သုံးသပ် လာပါတယ်။

အဲဗာတန်အသင်း ဟာ ၁ဝ မှတ်လျော့ ပြစ်ဒဏ်ကို ချက်ခြင်း ကျခံရပြီးတဲ့နောက် အဆင့် ၁၉ နေရာထိ ကျဆင်းသွားပါပြီ။ မာဆေးဆိုဒ် ကလပ်ကတော့ အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။

မန်စီးတီး အသင်း ဟာလည်း ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းမျဉ်းပေါင်း ၁၁၅ ချက်ကို ချိုးဖောက်မှု အတွက် စွဲချက် တင်ခံထားရသလို ချယ်ဆီးအသင်းဟာ ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်လက်ထက်မှာ ငွေပေးချေမှုတွေ အတွင်း ဘောင်ကျော်တာတွေ ရှိခဲ့လို့ ကြီးကြီး မားမား စစ်ဆေးခံနေရတာပါ။

ပရီးမီးယားလိဂ် ကြီး ၆ ကြီး စာရင်းဝင် ကလပ် နှစ်သင်းအပေါ် စွဲချက်တွေဟာ အဲဗာတန်ထက် ပိုမို ပြင်းထန်ပေမယ့် အထူးသဖြင့် မန်စီးတီးအသင်းဟာ ဖလားတွေပါ သိမ်းခံရနိုင်တယ်လို့ သတင်းကြီး ထားပေမယ့် အခုချိန်ထိတော့ တရားဝင် ပြစ်ဒဏ်တွေ မလာသေးပါဘူး။

မန်စီးတီးရဲ့ အကြံပေးဟောင်း ဖြစ်တဲ့ ရှေ့နေ Stefan Borson က ” ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုတွေအတွက် အဲဗာတန်ကို ၁၀ မှတ်လျော့ ပြစ်ဒဏ် ပေးလိုက်ခြင်းဟာ မန်စီးတီးနဲ့ ချယ်ဆီးအသင်းတို့မှာ အပြစ်ရှိခဲ့မယ်ဆိုရင် တန်းဆင်းစေတဲ့ထိ ပြစ်ဒဏ်ပေးမယ့် အလားအလာပဲ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မန်စီးတီးနဲ့ ချယ်ဆီး အသင်းတို့ဟာ အတိတ်တုန်းကလည်း ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုတွေအတွက် စွဲချက် တင်ခံရမှုတွေမှာ အပြစ်ရှိကြောင်း တွေ့ရှိဖူးပါတယ်။

အခုချိန်ထိတော့ ဈေးကွက်မှာ ဝင်လှုပ်ရှားခွင့် ပိတ်ပင်ခံရခြင်းနဲ့ ဒဏ်ကြေး ပေးဆောင်ရခြင်းကလွဲလို့ အဲဗာတန်လို ပြင်းထန်တဲ့ အပြစ်ပေးခြင်း ခံရဖူးတာမျိုး မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုလို အဲဗာတန် ဈေးဦး စဖောက်လိုက်တာက မန်စီးတီးနဲ့ ချယ်ဆီးတို့ ပြစ်ဒဏ်တွေ ပြင်းထန်လာမလား စိုးရိမ်စရာ ဖြစ်လာပါတယ်။