မန်ချက်စတာ ယူနိုက်တက်မှာ အသင်းပိုင်ရှင်အဖွဲ့ထဲ ဆာ ဂျင် ရက်ကလစ် ဝင်ရောက်လာဖို့ အပြီးသတ် လုပ်ဆောင်နေခြင်းနဲ့အတူ အသင်းရဲ့ ဦးဆောင်မှုပိုင်းဟာ အပြောင်းအလဲတွေ ရှိလာနေပြီ ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်က ယူနိုက်တက် ရှယ်ယာတွေကို ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင် အပြီးသတ် ဝယ်ယူနိုင်ဖို့ ရည်မှန်းနေတာပါ။ အခုဆိုရင် ယူနိုက်တက်ရဲ့ ဘဏ္ဍာရေးပိုင်းနဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို စီမံခန့်ခွဲဖို့ Sir Dave Brailsford ကိုလည်း ဦးဆောင်ခိုင်းထားပါပြီ။

နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာ ယူနိုက်တက်ရဲ့ အသေးစား ရှယ်ယာရှင်အဖြစ် ရက်ကလစ် ဝင်ရောက် လာကြောင်း ကြေညာမယ်လို့ မှန်းဆရတယ်။ သို့ပေမယ့် နယူးယော့ခ် စတော့ဈေးကွက်မှာ တရားဝင် ကိစ္စတွေ ပြီးမြောက်ဖို့ လုပ်ဆောင်ရပါဦးမယ်။

မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင် အဖွဲ့ဝင်ဖြစ်လာမယ့် ဆာဂျင်ရက်လစ်ထံက အသုံးစရိတ် ရလာခဲ့ရင် ဇန်နဝါရီမှာ လူအင်အားဖြည့်တင်းဖို့ နည်းပြတန်ဟက်က ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် အသုံးစရိတ်ရဖို့ ထင်သလောက် မလွယ်လှကြောင်း စကိုင်းစပေါ့ သတင်းဌာနက ဆိုပါတယ်။

ပိုင်ရှင်အဖွဲ့တွေဟာ ယူနိုက်တက်ရဲ့ ဘဏ္ဍာရေး အခြေအနေ အားလုံးကို သေချာလေး သိရဖို့ အချိန်တစ်ခု ယူရမှာ ဖြစ်ပြီး အဲ့ကာလမှာ စွန့်စားပြီး အသုံးစရိတ် ထုတ်ဖို့ရာ တွန့်ဆုတ်လိမ့်မယ်လို့ သိရပါတယ်။ နည်းပြတန်ဟက်ရဲ့ ရာထူးနေရာကလည်း အဆိုပါကာလအတွင်း အာမခံချက် ရှိပါလိမ့်မယ်။

အသင်း ရှယ်ယာရှင်သစ် ရက်ကလစ်ဟာ ကွင်းတွင်း၊ ကွင်းပြင် နှစ်ခုလုံးမှာ ရင်းနှီးမြုပ်နှံမှုသစ်တွေ ထည့်ဝင်ပေးဖို့တော့ အစီအစဉ်ရှိပြီး အားကစားဒါရိုက်တာသစ် တစ်ဦးလည်း ခေါ်ယူကာ နည်းပြတန်ဟက်ကို ကူညီဖို့ ပလန်တွေ ဆွဲပေးဖွယ် ရှိပါတယ်။