နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ဘက် Lens အသင်းကို အိမ်ကွင်းမှာ ၆-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် အုပ်စုပွဲတွေ မကုန်ခင်မှာတင် အုပ်စုဗိုလ် အနေနဲ့ ရှုံးထွက်အဆင့်ထံ တက်ရောက် သွားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မနေ့ညက ပွဲမှာ အာဆင်နယ်ရဲ့ မတူညီတဲ့ ကစားသမား ၅ ဦးက ပထမပိုင်းအတွင်း ဂိုးသွင်းနိုင် ခြင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင် သွားပါတယ်။
နောက်ထပ် ဂုဏ်ယူစရာ မှတ်တမ်းကတော့ ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ ပွဲချိန်ဝက်အတွင်း ၅ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အင်္ဂလန်အသင်းလည်း ဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်ထံက ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်မျိုး မြင်ခဲ့ရတာဖြစ်ကာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ပြန်ပြီး တက်ရောက်လာနိုင်ခြင်းလည်း ဖြစ်ပါတယ်။
ပွဲ အပြီးမှာ နည်းပြ အာတီတာကတော့ နိုင်ပွဲ အပေါ် ယစ်မူးမနေဘဲ လာမယ့် ဝုဗ်ပွဲကို အာရုံစိုက်နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။
” သိပ်ကောင်းပါတယ်။ ကျနော်တို့ရဲ့ ပွဲစဉ်ဇယားကလည်း ရူးလောက်စရာပါပဲ။ အခုချိန်မှာ ၇၂ နာရီ အတွင်း ကစားရတော့မယ့် ဝုဗ်ပွဲကိုပဲ စဉ်းစားနေပါတယ်။
ဒီည အံ့မခန်းစရာ ညအတွက်တော့ ကျနော်တို့ရဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ စနေနေ့ ဝုဗ်ပွဲ လာပါတော့မယ်၊ ကျနော်တို့ ကောင်းကောင်းပြင်ဆင်သွားမှာပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။